မယ်စဲ့   ၂၈   ဧပြီ         

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားစဉ် ကာလအတွင်း ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်းများအား သင်တန်းပို့ချခြင်းကို ဧပြီ ၂၇ ရက် ည​နေ ၃ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာနှစ်ထပ်ဆောင်၌ ကျင်းပခဲ့သည်။

 

မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးကျော်ခိုင်က စေတနာ့ဝန်ထမ်းများ အဓိက လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ပိုးသန့်စင်ခြင်းလုပ်ငန်း၊ ရောဂါအဓိကကူးစက်တတ်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာ၊ ကာကွယ်သည့်နည်းလမ်းများ၊ Quarantine လူနာနှင့် ထိတွေ့ဆက်ဆံသည့်အခါ လိုက်နာရမည့်အချက်များ၊ လူနာအသုံးအဆောင်နှင့် စွန့်ပစ်ပစ္စည်းတို့ကို ကိုင်တွယ်ပုံ၊ ရောဂါလက္ခဏာ တွေ့ရှိပါက အချိန်မီ သတင်းပေးပို့နိုင်ရေးတို့ကို သင်ကြားပေးခဲ့သည်။

 

ထို့ပြင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်း နည်းလမ်းနှင့် လက်ဆေးခြင်းလမ်းညွှန်တို့ကို သရုပ်ပြသခဲ့သည်။

 

အဆိုပါသင်တန်းကို မယ်စဲ့မြို့နယ်မှ စေတနာ့ဝန်ထမ်း (Volunteer) ၂၀ ဦး တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် သင်တန်းပို့ချခြင်း ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)