မယ်စဲ့ ဒီဇင်ဘာ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဟိုဂျစ်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ပိုမိုလွှမ်းခြုံလာနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်လျက်ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့အထိ အသက် ၁၈ နှစ်အထက် လူဦးရေ ၁၈၉၀ ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းကျဆင်းလာပြီဖြစ်သော်လည်း ကိုဗစ်-၁၉ မျိုးကွဲသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကြေညာခဲ့သည့် အိုမီခရွန် မျိုးဗီဇပြောင်းရောဂါသည် အချိန်မရွေး ကူးစက်ဝင်ရောက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းများကို ဆက်လက် လိုက်နာရန် လိုအပ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ထိုးနှံသွားရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်ကျော်သန်းက ပြောကြားသည်။
ဝတ်ရည်(ပြန်/ဆက်)