မယ်စဲ့ စက်တင်ဘာ ၂၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းများ မှန်မှန်ကန်ကန် ရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက်က ဗိုလ်ချုပ်လမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဝင်းနှင့် ဝန်ထမ်းများက ပြည်သူ့အတွက် ပန်းခင်းစီမံချက် အစီအစဉ်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်း၊ ဥပဒေအရ နိုင်ငံသားများအတွက် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးရေးတို့ကို ရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားပြည်သူများ သိရှိစေရေး အသိပေးဆိုင်းဘုတ် စိုက်ထူခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း ၄၇ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ် ၄၂ ခု တို့ကို ပြုလုပ်ပေးနိုင်ခဲ့ပြီး ကျေးရွာများအရောက်လည်း ဆက်လက်ကွင်းဆင်းပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)