မယ်စဲ့ ၁၆ သြဂုတ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေး ငယ်များအား ထောက်ပံ့နိုင်ရေးအတွက် စာရင်းကောက်ယူရာတွင် ကူညီဆောင်ရွက်ပေးသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မယ်စဲ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မယ်စဲ့မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေး ဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့နိုင်ရေးအတွက် စာရင်းကောက်ယူသူများ အနေဖြင့် မြေပြင်တွင် စာရင်းကောက်ယူရာ၌ စာရင်းကျန်ရစ်မှု၊ စာရင်းထပ်မှုမဖြစ်ပေါ်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ မယ်စဲ့မြို့နယ်တွင် တတိယသုံးလပတ်စာ ထောက်ပံ့ငွေများကို ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်နှစ်အောက်ကလေးငယ်များ လက်ဝယ်သို့ ထောက်ပံ့နိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် MCCT လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးသူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ တာဝန်ခံများ၊ စာရေးဝန်ထမ်းများ၊ စုစုပေါင်း၃၀ဦးအတွက် (ဧပြီ၊ မေ၊ ဇွန်) သုံးလစာ ဖုန်းဘေလ်ဖိုးနှင့် ပံ့ပိုးငွေ ကျပ် ၇၈၆၀ဝ၀ ကို ကယားပြည်နယ် လူမှုဝန်ထမ်းရုံးမှ အကြီးတန်းစာရေး ဒေါ်လွန်းမီမီအောင်က ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ငွေများကို Lift Fund Project တွင်ပါဝင်သည့် MCCT လုပ်ငန်းတွင် ကူညီဆောင်ရွက်ပေးသူများ အား (UNOPS) အဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


