မယ်စဲ့ ၇ ဇွန်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စံပြကွက်၊ စမ်းသပ်ကွက်နှင့် GAP စိုက်ခင်းများသို့ မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးထွက်ရှိနိုင်ရေးအတွက် တောင်သူများ၏လိုအပ်ချက်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိရာ ဒေသခံတောင်သူများအနေဖြင့် ပံ့ပိုးပေးသည့်ပစ္စည်းများကို ထိရောက်အောင်မြင်အောင် အသုံးပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် တာဝန်ရှိသူများက မိုးရာသီစံပြကွက်၊ စမ်းသပ်ကွက်နှင့် GAP စိုက်ခင်းဆောင်ရွက်နေသူ တောင်သူ ၂၈၇ ဦး၊ စိုက်ဧက ၆၄၄ ဧကအတွက် ကွန်ပေါင်း ဓာတ်မြေဩဇာ ၄၀၉ အိတ်၊ ယူရီးယားဓာတ်မြေဩဇာ ၄၇၈ အိတ်၊ ပိုတက် ၃၂၂ အိတ်၊ ပိုးသတ်ဆေး ၃၅၃၃ ထုပ်၊ မှိုသတ်ဆေး ၆၂၇ ထုပ်တို့ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဝတ်ရည်(ပြန်/ဆက်)


