မယ်စဲ့ ၁၂ မေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မေ ၁၁ ရက် ညနေ ၄ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်တိန်းကျေးရွာနှင့် နမ့်မန်းကျေးရွာတို့တွင် လူနေအိမ် ၄ လုံး၊ ဘာသာရေးအဆောက်အဦ ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးပြီး မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃) ကားလမ်းမပေါ်သို့ သစ်ပင်တစ်ပင်ပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့သည်။
မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပန်တိန်းကျေးရွာ ကက်သလစ်နှစ်ခြင်း အသင်းတော်ကျောင်းဓမ္မာရုံ ၁ လုံး၊ စမုရနှစ်ခြင်းအသင်းတော်ကျောင်း ၁ ကျောင်း၊ အလက(ပန်တိန်း) စာသင်ဆောင် ၁ လုံး၊ ကျေးရွာစာကြည့်တိုက် ၁ လုံး၊ လူနေအိမ် ၂ လုံးနှင့် နမ့်မန်းကျေးရွာတွင် လူနေအိမ် ၂ လုံး အမိုးလန်ပျက်စီးခြင်း၊ မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃) ကားလမ်းမပေါ်သို့ သစ်ပင်တစ်ပင် ပြိုလဲခြင်းကြောင့် လမ်းခေတ္တပိတ်ဆို့မှုနှင့် ဖားဆောင်း-မယ်စဲ့ ဓာတ်အားလိုင်းပေါ်သို့ သစ်ကိုင်း၊ ဝါးကိုင်းများ ညွှတ်ကျခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။
သစ်ပင်ပြိုလဲရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးမြတ်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လဲကျနေသောသစ်ပင်အား အမြန်ဆုံးဖယ်ရှားရှင်းလင်းခြင်းနှင့် ဖားဆောင်း-မယ်စဲ့ ဓာတ်အားလိုင်းပေါ်ရှိ သစ်ကိုင်း၊ ဝါးကိုင်းများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းနှင့် လျှပ်စစ်ဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းကာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


