မယ်စဲ့  ၂၈   စက်တင်ဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့နံနက် ၅ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓာတ်အားလိုင်းပေါ် သစ်ပင်ပြိုလဲခြင်းနှင့် ဓာတ်အားလိုင်းတိုင်များ ယိုင်နဲ့ပြိုလဲခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၅ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်စဲ့မြို့အဝင်ဆိုင်းဘုတ်အနီးရှိ တောင်ကမ်းပါးယံတွင် ပေါက်နေသောသစ်ပင်သည် တောင်ကျရေစီးဆင်း၍ ရေတိုက်စားမှုကြောင့် အမြစ်မှကျွတ် ထွက်ပြီး ဖားဆောင်း-မယ်စဲ့ ၃၃ကေဗွီဓာတ်အားလိုင်းပေါ်သို့ ကန့်လန့်ဖြတ်ပြိုလဲကျသဖြင့် ၃၃ ကေဗွီဓာတ်အားလိုင်း လက်တန်းချောင်းတစ်ချောင်း၊ ဓာတ်အားလိုင်းကြိုးများနှင့် Overhead Earth Wire များ မြေပြင်ပေါ်သို့ လျှောကျ သွားခဲ့သည်။

 

အလားတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ပိန်းလင်ကျေးရွာ မိုင်တိုင်အမှတ်(၁၇) နယ်ခြားစောင့်တပ် လုံခြုံရေး ဂိတ်အရှေ့ရှိ လယ်ကွင်းပြင်တွင် ဓာတ်အားလိုင်းတိ်ုင်(၄)တိုင် မြေပြင်ပေါ်သို့လဲကျခြင်းနှင့် ဓာတ်အားလိုင်းတိုင်(၅)တိုင် ယိုင်နဲ့ခြင်းများ ဖြစ်ပွားခဲ့သဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးကျော်ဇင်လင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်ဆန်းနှင့် လျှပ်စစ်ဝန်ထမ်းများ၊ ဖားဆောင်းမြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးအတွက် လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)