မယ်စဲ့ ဇန်နဝါရီ ၃၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသထွက်ပဲပုပ်များကို ပဲပုပ်ချပ်ပြုလုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ဆောင်းသီးနှံပဲပုပ်ကို လယ်၊ ဉယျာဉ်ခြံ၊ တောင်ယာများ၌ အများဆုံးစိုက်ပျိုးလျက်ရှိကြသည်။ ပဲပုပ်ချပ်ကို မြို့နယ်အတွင်းရှိ ရှမ်းလူမျိုးများ အများဆုံးနေထိုင်သည့် ကျေးရွာများ၌ ပြုလုပ်ကြသည်။ ပဲပုပ်ပေါ်ချိန်တွင် ပဲပုပ်စေ့များ အိုးကြီးနှင့်ပြုတ်ပြီး သုံးညခန့် နှပ်ထားရသည်။ နှပ်ထားပြီးသော ပဲပုပ်များကို ကြိတ်ဆုံနှင့်ကြိတ်ကာ ပဲပုပ်ချပ်ပြုလုပ်၍ နေပူလှန်းရသည်။ ပဲပုပ်စေ့ ၁၂ ဗူးလျှင် ပဲပုပ်ချပ် ၁ ပိဿာ ၂၅ ကျပ်သား ထွက်ရှိပြီး ပဲပုပ်ချပ်များကို ၅၀ ကျပ်သားထုပ်နှင့် ၁ ပိဿာထုပ်များ ထုပ်ပိုးကာ ရောင်းချကြသည်။
ယခင်နှစ်က ပဲပုပ်ချပ် တစ်ပိဿာ ကျပ် ၅၀၀၀ ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် ကျပ် ၆၀၀၀ မှ ကျပ် ၇၀၀၀ ဈေးဖြင့် ရောင်းရသဖြင့် ပဲပုပ်ချပ်ပြုလုပ်ရောင်းချသူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားကာ အဆင်ပြေကြောင်း ပဲပုပ်ချပ်ပြုလုပ်ရောင်းချသူ ဒေါ်နန်းမြိုင်ထံမှ သိရသည်။
ပဲပုပ်ချပ်ကို ဒေသခံတိုင်းရင်းသားပြည်သူများက ပဲပုပ်ရေဖျော်၊ ပဲပုပ်ဟင်းနှင့် ပဲပုပ်ကို မီးဖုတ်၍ သုပ်စား၍ သော်လည်းကောင်း၊ ဒေသဓလေ့ ဟင်းရွက်များချက်ရာတွင် ထည့်ချက်၍သော်လည်းကောင်း၊ ပဲပုပ်ဟင်းချက်ဖြင့်လည်းကောင်း၊ ပဲပုပ်ချပ် မပြုလုပ်မီ ပဲပုပ်စေ့ကြော်အဖြစ်လည်းကောင်း၊ အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ ဒေသထွက်ပဲပုပ်ချပ်များကို ဒေသတွင်း စားသုံးရုံသာမက ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးတို့မှ လာရောက်ဝယ်ယူကြသဖြင့် ယခုနှစ် ပဲပုပ်ချပ်များ ဈေးကောင်းရရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


