မယ်စဲ့ ဩဂုတ် ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ဩဂုတ် ၁၉ ရက်နံနက် ၉ နာရီက မယ်စဲ့-ဘီပီ(၁၃)လမ်း ဝမ်ကန်ကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေသည့် အခြေအနေတွင် ပြည်သူများအနေဖြင့် လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ရာ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ အိမ်အပြင်ထွက်ရပါကလည်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များကို ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းတပ်ဆင်မှု မရှိသော ဈေးရောင်း ဈေးဝယ်များ၊ သွားလာကြသူများ၊ တောင်ယာလုပ်ငန်းခွင်သွားရောက်ကြသူများ၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့် အလုပ်သမားများအား Mask များ အခမဲ့ ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


