မယ်စဲ့ ၁၄ မတ်

           

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို ပုဂ္ဂလိကမြေဂရန် ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့၌ မြေပြင်တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မယ်စဲ့မြို့နယ်တွင် လက်ရှိအစိုးရလက်ထက်၌ စီမံချက်ဖြင့် မြေယာအရှုပ်အရှင်းမရှိသည့် ပုဂ္ဂလိကနေအိမ် (၈၀)ကို ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် နေအိမ် (၇၂)အိမ်ကို လည်းကောင်း မြေဂရန် ထုတ်ပေးနိုင်ခဲ့သည်။ ယခုအခါ တတိယအကြိမ် ထုတ်ပေးနိုင်ရေးအတွက် လက်ရှိအမှုတွဲ (၅၃)တွဲအနက် (၁၃)တွဲကို မြေပြင်တွင် မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲပြည့်စုံမှု ရှိ/မရှိ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး ကျန်အမှုတွဲများကို မတ် ၁၈ ရက်တွင် ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)