မယ်စဲ့ ၁၀ နိုဝင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ နေ့ထူးနေ့ မြတ်ဖြစ်သော တန်ဆောင်တိုင်လပြည့်နေ့အကြို ရိုးရာဓလေ့အဖြစ် မီးကြာလှည့်လည်ပွဲကို ယမန်နေ့ည၇နာရီက မယ်စဲ့မြို့မဘုန်းတော်ကြီးကျောင်းမှ မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည် ကျင်းပခဲ့ကြောင်းသိရသည်။
ယင်းသို့လှည့်လည်ရာတွင် မြို့ပေါ်ရပ်ကွက်မှ တိုင်းရင်းသားလူငယ်မောင်မယ်များက မီးကြာများကို ထမ်းကာ ရှမ်းအိုးစည် ဗုံမောင်းများတီး၍ တိုးနရားအက၊ ကိန္နရီ၊ ကိန္နရာအကများဖြင့် မြို့တွင်းသို့ ပျော်ရွှင်စွာကခုန်လှည့်လည်ကြသည်။ “ကျွန်မတို့မြို့လေးမှာ တန်ဆောင်တိုင်မီးကြာလှည့်လည်ပွဲဟာ မြို့သူမြို့သားတွေ စုပေါင်းပြီး နှစ်စဉ်မပြတ်ကျင်းပလေ့ရှိတဲ့ ချစ်စရာ ရိုးရာဓလေ့ပွဲတော်လေးဖြစ်တယ်” ဟု မီးကြာလှည့်ပွဲတွင် ပါဝင်ဆင်နွှဲသူ ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
မယ်စဲ့မြို့၏ တန်ဆောင်တိုင်ပွဲတော် မီးကြာလှည့်လည်ပွဲကို တန်ဆောင်မုန်းလဆန်း၁၄ရက်နှင့် တန်ဆောင်မုန်းလပြည့်ညတွင် နှစ်ရက်တိုင် မြို့တွင်းသို့ လှည့်လည်၍ ရတနာရန်အောင် မြို့ဦးစေတီတော်နှင့် မြို့မဘုန်းတော်ကြီးကျောင်းတို့တွင် ဆီးမီးများထွန်းညိှပူဇော်သူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)