မယ်ဆိုင်လိုဏ်ဂူအတွင်းမှ ကျန်ရှိလူငယ်များအား ဆက်လက် ခေါ်ဆောင်လျက်ရှိ

မယ်ဆိုင် ၉ ဇူလိုင်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ပိတ်မိနေသည့် တောဝက် ဘောလုံးအသင်းမှ လူငယ် (၁၃)ဦးတို့အား ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ခေါ်ထုတ်လျက်ရှိရာ ဇူလိုင် ၈ ရက်နေ့ ထိုင်းစံတော်ချိန် ညနေ ၆ နာရီခန့်တွင် လူငယ်လေးဦးအား ပထမအကြိမ်အဖြစ် အောင်မြင်စွာ ခေါ်ထုတ်နိုင်ခဲ့သည်။

ယင်းလူငယ်ဘောလုံးသမား လေးဦးအား ချင်းရိုင်ဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ကုသမှုပေးနေကာ လိုဏ်ဂူအတွင်း ကျန်ရှိနေသည့် လူငယ် (၉)ယောက်ကို ယနေ့ နံနက် ၁၁ နာရီက စတင်ကယ်ထုတ်နေကြောင်း သိရသည်။

လိုဏ်ဂူအတွင်းပိုင်း နေရာအတော်များများတွင် ရေများ လျော့နည်းကျဆင်းကာ လမ်းလျှောက်ထွက်နိုင်သည့် ခရီးမိုင် ပိုများသဖြင့် ကယ်ဆယ်ရေး ပြုလုပ်ချိန် တိုတောင်းခဲ့ပြီး မိုးရွာသွန်းမှု ရှိခဲ့သော်လည်း ဂူအတွင်း ရေထပ်တိုးခြင်း မရှိကြောင်းနှင့် လိုဏ်ဂူအတွင်း တစ်ကီလိုမီတာ အကွာအဝေးကို ရေငုပ်ခဲ့ရပြီး ပထမဆုံး ကလေးမှာ ထိုင်းစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်တွင် ထွက်လာနိုင်ခြင်း ဖြစ်ကြောင်း ချင်းရိုင် ခရိုင်အုပ်ချုပ် ရေးမှူး နရွတ်ဆတ်အိုဆတာနာကွန်း က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း သိရသည်။

အဆိုပါ လူငယ်ပထမအဖွဲ့အား ကယ်ဆယ်ခေါ်ထုတ်ရာတွင် လိုဏ်ဂူအတွင်း သယ်ဆောင်ထားသည့် အောက်ဆီဂျင် အားလုံးနီးပါး အသုံးပြုခဲ့ရသဖြင့် ထပ်မံဖြည့်တင်းခြင်း အပါအဝင် အခြားပြင်ဆင်မှုများအတွက် အနည်းဆုံး အချိန် ၁၀ နာရီမှ နာရီ ၂၀ ဝန်းကျင် ပြင်ဆင်ချိန်ယူရန် လိုအပ်ကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်) 

ဓာတ်ပုံ-စည်သူမောင်