အေးပြည့်
လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ “Miss Universe 2018” ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ကတ်ထရီအိုနာဂရေးက သရဖူကို ဆွတ်ခူးခဲ့တာဖြစ်ကြောင်း ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ယခုနှစ်ရဲ့ မယ်စကြဝဠာပြိုင်ပွဲကြီးမှာ အခြားသော နိုင်ငံ ၉၃ နိုင်ငံက ပြိုင်ပွဲဝင်တွေကို ကျော်ဖြတ်ကာ ဖိလစ်ပိုင်အလှမယ် ကတ်ထရီအိုနာဂရေးက သရဖူကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ဖိလစ်ပိုင်အလှမယ်ဟာ မယ်စကြဝဠာအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် မယ်စကြဝဠာ ပြိုင်ပွဲကြီးသမိုင်းတစ်လျှောက် မယ်စကြဝဠာသရဖူ ရရှိခဲ့တဲ့ လေးယောက်မြောက် ဖိလစ်ပိုင်အလှမယ်ဖြစ်လာ ခဲ့ကြောင်းလည်း သိရပါတယ်။
ကတ်ထရီအိုနာဂရေးဟာ သူ့ရဲ့ သရဖူကို ယခင်နှစ်က မယ်စကြဝဠာဆုရှင် တောင်အာဖရိကအလှမယ် ဒေမီလိတ်နယ်လ်ပီတာစ်ဆီကနေ လွှဲပြောင်းရယူခဲ့တာကိုလည်း တွေ့ရပါတယ်။ ယခုနှစ်ရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ဖိလစ်ပိုင်အလှမယ်နဲ့ တောင်အာဖရိကအလှမယ်တို့ နောက်ဆုံးကျန်ခဲ့တာဖြစ်ပြီး အဲဒီအထဲမှ ဖိလစ်ပိုင်အလှမယ်က သရဖူဆောင်းခွင့် ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲရဲ့ တတိယနေရာမှာတော့ ဗင်နီဇွဲလားနိုင်ငံ ကိုယ်စားပြုအလှမယ်က ရပ်တည်နိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ဗီယက်နမ်နိုင်ငံနဲ့ ပေါ်တိုရီကိုနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အလှမယ်တွေဟာလည်း ပြိုင်ပွဲတစ်လျှောက် ကျော်ကြားခဲ့တဲ့ အလှမယ်တွေဖြစ်ကြပြီး နောက်ဆုံးဆန်ခါတင် ငါးယောက်အဆင့်အထိ ပါဝင်နိုင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၉၄ နိုင်ငံမှ ပြိုင်ပွဲဝင်တွေ ပါဝင်ခဲ့ကြတဲ့ ယခုနှစ်ရဲ့ မယ်စကြဝဠာ ပြိုင်ပွဲကြီးဟာ ၆၆ နှစ်တာ ကာလအတွင်း အစည်ကားဆုံးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ဆန်ခါတင် သုံးဦးအား မေးခွန်းမေးမြန်းရာ၌ ဘဝရဲ့ အရေးအကြီးဆုံး သင်ခန်းစာအကြောင်း မေးမြန်းခဲ့သည့်အပေါ် ကတ်ထရီအို နာဂရေးက သူ့အတွက်တော့ မနီလာက ကျူးကျော်သူတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့မှုဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒီကိစ္စကို လုပ်ဆောင်ရာမှာ ဖိလစ်ပိုင်အလှမယ်က သူဟာ ကျူးကျော်နေထိုင်သူ ကလေးငယ်တွေရဲ့ အနာဂတ်ကို အကောင်းဘက်ကနေ ရှုမြင်ခဲ့ကြောင်းလည်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ အလှမယ်ကတော့ အရာရာမှာ အကောင်းမြင်လိုစိတ် ထားရှိဖို့ ဖြေကြားသွားခဲ့ တယ်လို့လည်း သိရပါတယ်။
ကြေးမုံ
Photo > AFP