မောင်ဋီကာ
အများနှင့်သက်ဆိုင်သော ကုမ္ပဏီ
အများနှင့်သက်ဆိုင်သောကုမ္ပဏီများ (Public Companies) အနေဖြင့် Myanmar Companies Online (MyCO) မှာ အသုံးပြုရမယ့် ပုံစံများကတော့ ပုံစံ-ဆ (G Form) များကို ဝင်ရောက်ကြည့်ရှုကာ မိမိတင်လိုသော အကြောင်းအရာနဲ့ ကိုက်ညီတဲ့ပုံစံကိုရွေးပြီး တင်ပြလို့ရပါတယ်။
ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာ
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၁၄၈ (က) အရ ကုမ္ပဏီဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ၂၈ ရက်အောက်မနည်း ခြောက်လထက်မများသော ကာလအတွင်း ကုမ္ပဏီတွင်ပါဝင်သူများ၏ အထွေထွေ အစည်းအဝေးတစ်ရပ်ကို ကျင်းပရပါမယ်။ ပုဒ်မ ၁၄၈(ခ) အရ အစည်းအဝေးကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ၂၁ ရက် ကြိုတင်၍ အစီရင်ခံစာတစ်စောင်ကို ကုမ္ပဏီတွင် ပါဝင်သူအားလုံးထံသို့ ဖြန့်ဝေရပါမယ်။ ပုဒ်မ ၁၄၈ (ဂ) အရ အစီရင်ခံစာမှာဖော်ပြရန် လိုအပ်တဲ့အချက် အလက်များနဲ့ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်များကို ဖော်ပြထားပြီး အဆိုပါ အချက်အလက်များနဲ့ ပြုစုဆောင်ရွက် ထားတဲ့ အစီရင်ခံစာအား ကုမ္ပဏီ၏ ဒါရိုက်တာများအနက်မှ နှစ်ဦးထက်မနည်းသော ဒါရိုက်တာများကဖြစ်စေ၊ ဒါရိုက်တာ တစ်ဦးတည်းရှိသော ကုမ္ပဏီတွင် တစ်ဦးတည်းရှိသော ဒါရိုက်တာကဖြစ်စေ၊ ဒါရိုက်တာများကိုယ်စား ဆောင်ရွက်ရန် အခွင့်အာဏာ အပ်နှင်းခြင်းခံရသော ဒါရိုက်တာများ၏ ဥက္ကဋ္ဌကဖြစ်စေ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၁၄၈ အရ ဥပဒေအရ ပြုစုဆောင်ရွက်ရမယ့် အစီရင်ခံစာကို အများနှင့်သက်ဆိုင်သောကုမ္ပဏီများ၊ အစုရှယ်ယာ မတည်ငွေရင်းရှိသော ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအားလုံးသည် MyCO တွင် ပုံစံ ဆ-၁ (G-1) ဖြင့် တင်ရမှာ ဖြစ်ပါတယ်။
အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ အလားအလာညွှန်တမ်း (Prospectus)
အစုရှယ်ယာရှင်များ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များကို အများပြည်သူသို့ ရောင်းချရန် ကမ်းလှမ်းခြင်း များနှင့်သက်ဆိုင်သော အများနှင့် သက်ဆိုင်သော ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအခန်း(၂၀)ပါ ပြဋ္ဌာန်းချက်အားလုံးကို ဦးစွာလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၂၀၂ (က) တွင် ပြဋ္ဌာန်းထားပါတယ်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ အလားအလာညွှန်တမ်း (Prospectus)ကို မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်သို့ တင်ပြကာ ၎င်းကော်မရှင်၏ အသိအမှတ်ပြုစာမိတ္တူကို မြန်မာ နိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၀၃ (ခ) နှင့်အညီ MyCO တွင် ပုံစံ ဆ-၂ (G-2) ဖြင့် တင်ပြရပါမယ်။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုစာရရှိပြီး မှတ်ပုံတင် အရာရှိထံသို့ တင်ပြပြီးမှသာ အများပြည်သူသို့ အစု ရှယ်ယာများ ဖိတ်ခေါ်ရောင်းချလို့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၁၁ (က) အရ အလားအလာညွှန်တမ်းအား ထုတ်ဝေခြင်းမရှိသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် အလားအလာ ညွှန်တမ်းအစား ရေးသားဖော်ပြချက် (statement in lieu of prospectus) ကို MyCO တွင် ပုံစံ ဆ-၃ (G-3) ဖြင့် တင်ပြရပါမယ်။
နိုင်ငံတော်၏ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်း၏ အလားအလာညွှန်တမ်း (Prospectus by corporation incorporated outside the Union)
နိုင်ငံတော်၏ ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်းသည်လည်း မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၂၂၅ နှင့်အညီပြုစုထားသည့် ကုမ္ပဏီ၏ အလားအလာညွှန်တမ်း (Prospectus)ကို မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်သို့ တင်ပြကာ ၎င်းကော်မရှင်၏ အသိအမှတ်ပြုစာမိတ္တူကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၂၂၃ (က) နှင့်အညီ MyCO တွင် ပုံစံ ဆ-၇ (G-7) ဖြင့် တင်ပြမှတ်ပုံတင် ရပါမယ်။
စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက်ကြောင်း အထောက်အထားလက်မှတ် (certificate of commencement of business of public company)
အများနှင့်မသက်ဆိုင်သောကုမ္ပဏီမှ အများနှင့် သက်ဆိုင်သောကုမ္ပဏီသို့ ပြောင်းသွားသော ကုမ္ပဏီများသည် အများနှင့် မသက်ဆိုင်သောကုမ္ပဏီ တည်ထောင်ပြီးကတည်းက လုပ်ငန်းဆောင်ရွက်နေသောကြောင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင် ဆောင်ရွက်ကြောင်း အထောက်အထားလက်မှတ် (Business Commencement Certificate for public companies) တောင်းခံရန်မလိုပါ။ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက်ကြောင်း အထောက်အထားလက်မှတ် မရရှိသေးသော အများနှင့်သက်ဆိုင်သောကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၂၁၈ (က) နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပြီး MyCO တွင် ပုံစံ ဆ-၄ (G-4) တင်ပြခြင်းဖြင့် System မှ Auto approved ပြုလုပ်မှာဖြစ်ပါတယ်။ စီးပွားရေး စတင်ဆောင်ရွက်ခွင့်လက်မှတ် (Certificate of Commencement for public companies) ကို မိမိကုမ္ပဏီ profile ၏ စာရွက်စာတမ်းများ (Documents) အောက်တွင် download ရယူနိုင်ပါတယ်။
အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ
အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ဘဏ္ဍာရေး ဆိုင်ရာရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၂၆၆ နှင့် အညီ MyCO တွင် ပုံစံ ဆ- ၅ (G-5) ဖြင့် တင်ပြရပါမယ်။ (ဤပုံစံ ဆ- ၅ ကို ကုမ္ပဏီ၏ နှစ်စဉ် အစီရင်ခံစာနှင့် တစ်ပြိုင်တည်း တင်ပြရပါမယ်။)
နုတ်ထွက်ခြင်း သို့မဟုတ် အစားထိုးခန့်အပ်ခြင်းအပေါ် စာရင်းစစ်အစီရင်ခံစာ
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၂၈၀ (င) တွင် “ဤအခန်းပါ ပြဋ္ဌာန်းချက်နှင့်အညီ စာရင်းစစ်တစ်ဦး နုတ်ထွက်လျှင် (သို့မဟုတ်) အစားထိုးခန့်ထားလျှင် နုတ်ထွက် သည့် သို့မဟုတ် အစားထိုးခန့်အပ်ခံရသည့် စာရင်းစစ် သည် ၎င်း၏တာဝန်များ၊ ကျွမ်းကျင်ပညာရှင်၏ တာဝန်ဝတ္တရားများနှင့် ညီညွတ်စွာ သဘောရိုးဖြင့်သင့်လျော်စွာ ဆောင်ရွက်၍ ကုမ္ပဏီ၏ ငွေရေးကြေးရေး လုပ်ငန်းများနှင့် သက်ဆိုင်သော ရေးသားဖော်ပြချက် (သို့မဟုတ်)အစီရင်ခံစာ ကို လိုအပ်သည်ဟုထင်မြင်လျှင် ပြုလုပ်နိုင်သည်။ ဒါရိုက်တာများသည် အဆိုပါအစီရင်ခံစာကို လက်ခံရရှိသည့်နေ့မှ ၂၈ ရက်အတွင်း ကုမ္ပဏီတွင် ပါဝင်သူများ ထံသို့ ပေးပို့ရမည့်အပြင် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။ ဒါရိုက်တာများသည် လိုအပ်သည်ဟုထင်မြင်ပါက စာရင်းစစ်က တင်ပြ လာသည့်အစီရင်ခံစာအပေါ်တွင် သဘောထားမှတ်ချက် ရေးသားနိုင်သည်” ဟု ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် နုတ်ထွက်ခြင်း (သို့မဟုတ်) အစားထိုးခန့်အပ်ခြင်းအပေါ် စာရင်းစစ်အစီရင်ခံစာကို MyCO တွင် ပုံစံ ဆ-၆ (G-6) ဖြင့် တင်ပြရပါမယ်။
အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအတွက် သတ်မှတ်ချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၅၉/၂၀၁၈ ဖြင့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ
ကုမ္ပဏီတစ်ခုတွင် ပါဝင်သူများက ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါတွင် သတ်မှတ်ထားသော ငွေပမာဏထက် မကျော်လွန်ဘဲ ပေးချေရန်အတွက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်တွင် ထည့်ဝင်ရန် တာဝန်ယူကြောင်း (သို့မဟုတ်) တစ်နှစ်အတွင်း ကုမ္ပဏီ၏ ပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီက အကြွေးများပေးရန် တာဝန်ယူကြောင်း နှင့် ကုမ္ပဏီအမည်၏ နောက်ဆုံးတွင် “ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသော” ဟု ဖော်ပြလျက် ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုခြင်း ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများသည် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီများနှင့်ဆင်တူပြီး အစုရှယ်ယာထည့်ဝင်၍သော်လည်းကောင်း၊ အာမခံငွေပမာဏ ထည့်ဝင်၍ သော်လည်းကောင်း ဖွဲ့စည်းမှတ်ပုံတင်ရမည်ဖြစ်ပြီး ထည့်ဝင်ရမည့် ငွေပမာဏ ခံဝန်ချက်ကို ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ထည့်သွင်းသတ်မှတ်ရမှာ ဖြစ်ပါတယ်။
စီးပွားရေးအသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း(Business Association)
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ ၄၂ (က)၊ “တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအဖြစ် တည် ထောင်နိုင်သော အသင်းအဖွဲ့တစ်ခုသည် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုရန် (သို့မဟုတ်) အခြားသော စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်အတွက် တည်ထောင်ခဲ့ကြောင်း (သို့မဟုတ်) တည်ထောင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း၏ အကျိုးအမြတ် (ရှိခဲ့လျှင်) သို့မဟုတ် ယင်း၏ ရည်ရွယ်ချက်များကို မြှင့်တင်ဆောင် ရွက်ရာမှ ရရှိခဲ့သောအခြားဝင်ငွေများကို အသုံးပြုကြောင်း (သို့မဟုတ်) အသုံးပြုရန် ရည်ရွယ်ကြောင်းနှင့် ယင်းအဖွဲ့အစည်းတွင် ပါဝင်သူများသို့ အကျိုးအမြတ် တစ်စုံတစ်ရာ ခွဲဝေပေးခြင်းကို တားမြစ်ထားကြောင်း မှတ်ပုံတင်အရာရှိက ကျေနပ်လက်ခံစေရန် တင်ပြနိုင်လျှင် ယင်း၏ အမည်တွင် “တရားဝင်တည်ထောင်ထား သော”ဟူသည့် စကားရပ်ဖြည့်စွက်၍ လိုင်စင်ပေးအပ် ခြင်းဖြင့် အဆိုပါအသင်းအား မှတ်ပုံတင်ခွင့်ပြုနိုင်သည်” ဟု ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းတည်ထောင်လိုသည့် အသင်းအဖွဲ့၏ နောက်ဆုံးတွင် “တရားဝင် တည်ထောင် ထားသောအသင်း” သို့မဟုတ် “Incorporated” ပါဝင်ရမှာကိုဆိုလိုခြင်း ဖြစ်ပါတယ်။
စီးပွားရေးလုပ်လိုသော လုပ်ငန်းရည်ရွယ်ချက်ရှိသည့် အသင်းအဖွဲ့များကိုသာ ဖွဲ့စည်းတည်ထောင် ပေးခြင်းဖြစ်ပြီး Myanmar Companies Online (MyCO) တွင် လူမှုရေးအသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင် လို့မရပါ။
စီးပွားရေးအသင်းအဖွဲ့၏ အဆင့်သတ်မှတ်ချက်
သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်း၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အထောက်အကူ ပြုရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်လိုသည့် အသင်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၈) အရ ပြည်ထောင်စုအဆင့် (Union Level)၊ ပြည်နယ်/တိုင်း ဒေသကြီး ကိုယ်စားပြုအဆင့် (State/Region Level)၊ ခရိုင်ကိုယ်စားပြုအဆင့် (District Level) နှင့် မြို့နယ်ကိုယ်စားပြုအဆင့် (Township Level) ဟူ၍ အဆင့်လေးဆင့်အနက် သင့်လျော်သည့်အဆင့် အသင်းအဖွဲ့များအဖြစ် ဖွဲ့စည်းခွင့် တင်ပြနိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များအတွက် သတ်မှတ်ချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၈ ဖြင့် ထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုအဆင့် အသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင် မည်ဆိုပါက အမိန့်ကြော်ငြာစာ စာပိုဒ် ၃(က-၁) ပါ အရ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်နေထိုင်သူ အနည်းဆုံးဒါရိုက်တာ ခုနစ်ဦး ပါဝင်ခြင်း၊ အမိန့်ကြော်ငြာစာ စာပိုဒ် ၃(က-၂) ပါအရ အသင်းအဖွဲ့တွင် နိုင်ငံခြားသားများပါဝင်ခြင်း အချက်နှစ်ခုအနက် တစ်ခုခုနှင့် အကျုံးဝင်ရန် လိုအပ်ပါတယ်။
ပြည်ထောင်စုအဆင့် အသင်းအဖွဲ့မှလွဲ၍ ကျန် သည့်အသင်းအဖွဲ့များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၏ သဘောထားမှတ်ချက်နှင့်အညီ ဖွဲ့စည်းတည်ထောင်ရပါမယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ် အဆင့်အသင်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့တွင်နေထိုင်သူ အများစု ပါဝင်ဖွဲ့စည်းရန် ဖြစ်ပါတယ်။ နှစ်စဉ်အစီရင်ခံစာပေးပို့ တင်ပြရာတွင် အစီရင်ခံစာနှင့်အတူ အစီရင်ခံစာ ပေးပို့ချိန်တွင် ရှိသည့် အသင်းဝင်များစာရင်းကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။ မည်သည့်အဆင့် အသင်းဖြစ်စေကာမူ အသင်းနှင့် လိုက်လျောညီထွေမှုရှိသည့် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတစ်ရပ် ရေးဆွဲတင်ပြရန်နှင့် မှတ်ပုံတင်ကြေးမှာ မည်သည့် အဆင့်အသင်းမဆို မြန်မာကျပ်ငွေ ငါးသိန်း(၅၀ဝ၀ဝ၀) ဖြစ်ပါတယ်။ ။