မောင်ဋီကာ
ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ခြင်း (Registration of mortgage or charge)
ကုမ္ပဏီတစ်ခုက ပြုလုပ်နိုင်သော ပေါင်နှံခြင်းများ (Mortgages) နှင့် ကြွေးမြီတာဝန်တင်ရှိခြင်း (Charges) ကို ကြွေးယူသူ ကုမ္ပဏီကဖြစ်စေ၊ ကြွေးမြီရှင် ကုမ္ပဏီက ဖြစ်စေ၊ နှစ်ဦးစလုံးကဖြစ်စေ MyCO တွင် ပုံစံ-ဇ (Form H) ဖြင့် မှတ်ပုံတင်ထားရှိနိုင်ပါသည်။
ကုမ္ပဏီများက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုအပ်သော မတည်ရင်းနှီးငွေများနှင့်စပ်လျဉ်း၍ ပြုလုပ်သော အောက်ပါပေါင်နှံမှုများနှင့် ကြွေးမြီတာဝန် တင်ရှိခြင်းများ အားလုံးတို့အတွက် ကုမ္ပဏီ သို့မဟုတ် အပေါင်ခံသူ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းအား လက်ခံသူ သို့မဟုတ် ၎င်းတို့ကိုယ်စား ဆောင်ရွက်သူက MyCO တွင် ပုံစံ (ဇ-၁) (H-1) ဖြင့် မှတ်ပုံတင် ထားရှိရန် လိုအပ်ပါသည်-
(၁) ဒီဘင်ချာများ ထုတ်ဝေခြင်းအတွက် အာမခံ ချက်ရှိစေရန် ရည်ရွယ်၍ ပြုလုပ်သည့် ပေါင်နှံ ခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၊
(၂) ကုမ္ပဏီ၏ တောင်းခေါ်ခြင်းမပြုသေးသော အစုရှယ်ယာ မတည်ငွေရင်းနှင့် စပ်လျဉ်းသည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိ ခြင်း တစ်ရပ်ရပ်၊
(၃) မည်သည့်နေရာတွင်မဆိုတည်ရှိသော မရွှေ့ မပြောင်းနိုင်သည့်ပစ္စည်း တစ်ရပ်ရပ် သို့မဟုတ် ထိုပစ္စည်းများတွင် ပါဝင်သည့် အကျိုး ခံစားခွင့် တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ပေါင်နှံ ခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၊
(၄) ကုမ္ပဏီတွင် သာမန်လုပ်ငန်းများအတွက် တင်ရှိသည့် ကြွေးမြီ (book debts) နှင့် စပ်လျဉ်၍ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၊
(၅) စီးပွားရေးလုပ်ငန်းတွင် အသုံးပြုဆောင်ရွက် နေသည့် ပစ္စည်းများမှအပ ကုမ္ပဏီ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်ရပ်ရပ်နှင့် သက်ဆိုင်သော ချေးငွေနှင့်စပ်လျဉ်း၍ ပေးသည့်အာမခံချက် (Pledge) မဟုတ်သော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်း တစ်ရပ်ရပ်၊
(၆) ကုမ္ပဏီ၏ တာဝန်ယူဆောင်ရွက်မှုများ သို့မဟုတ် ပစ္စည်းများအပေါ် အပြောင်းအလဲရှိ သော ကြွေးမြီတာဝန်တင်ရှိခြင်း (floating Charge) များ သို့မဟုတ်
(၇) နိုင်ငံတော်၏ပြင်ပတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော် ၏ပြင်ပတွင်တည်ရှိသော ပစ္စည်းသာလျှင် ပါဝင်သည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်း။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၂၉(က) နှင့် ၂၃၂ အရ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န် တင်ရှိခြင်းအတွက် MyCO တွင် မှတ်ပုံတင်ကြေး ၃၀၀၀၀ ကျပ်ပေးသွင်း၍ ပုံစံ (ဇ-၁) ( H-1) ဖြင့် အောက်ပါ အချက်အလက်များပါရှိသော စာရွက်စာတမ်းတစ်စုံ ပူးတွဲ တင်ပြရပါမည်-
(၁) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိ ခြင်းအား လက်ခံသည့်လူပုဂ္ဂိုလ်အမည် သို့မဟုတ် အဖွဲ့အစည်း၏အချက်အလက် (ဥပမာ၊ အပေါင်ခံသူ သို့မဟုတ် ကြွေးမြီတာ၀န် တင်ရှိခြင်းအား လက်ခံသူ)
ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န် တင် ရှိခြင်းအား လူပုဂ္ဂိုလ် (များ)က လက်ခံခြင်း ဖြစ်ပါက ၎င်းတို့၏ တရား၀င်အမည် အပြည့် အစုံ၊ နိုင်ငံသားစိစစ်ရေးအမှတ် သို့မဟုတ် ပတ်စ်ပို့အမှတ်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ ကို ဖော်ပြရန်။ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာ၀န်တင်ရှိခြင်းအား အဖွဲ့အစည်းက လက်ခံခြင်းဖြစ်ပါက မှတ်ပုံတင်ထားသော အမည်၊ မှတ်ပုံတင်အမှတ်၊ ဖွဲ့စည်းတည်ထောင် သည့်နေရာကို ဖော်ပြရပါမည်။
(၂) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န်တင်ရှိခြင်း ပစ္စည်းနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ဖော်ပြရန် မှတ်ချက်။ ပုဒ်မ ၂၃၂၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) တွင် ပြဋ္ဌာန်းထားသည်မှာ ကုမ္ပဏီ တစ်ခုကပြုလုပ်သည့် ဒီဘင်ချာများပါရှိသည့် ကြွေးမြီတာ၀န်တင်ရှိခြင်း တစ်ရပ်ရပ်တွင် တိကျသေချာသော အချက်အလက်များကို ကြွေး မြီတာ၀န်တင်ရှိခြင်းပါဝင်သော အဆိုပါ စာချုပ် ချုပ်ဆိုပြီးနောက် သို့မဟုတ် အဆိုပါစာချုပ်မရှိခဲ့ လျှင် ဒီဘင်ချာများကိုပြုလုပ်ပြီးနောက် ၂၈ ရက် အတွင်း မှတ်ပုံတင်အရာရှိထံသို့ တင်ပြရပါမည်။ ပုဒ်မ ၂၃၂ နှင့် သက်ဆိုင်ပါက လိုအပ်သော အချက်အလက်များပါသည့် စာရွက်စာတမ်းများ ကို ဤပုံစံနှင့်အတူ တင်ပြရန် ဖြစ်ပါသည်။
ထိုသို့ ပုံစံ ဇ-၁ ဖြင့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ခြင်း၊ တင်ပြလာခြင်းအပေါ် MyCO မှ မှတ်ပုံတင်လက်မှတ် (Certificate of Registration) ထုတ်ပေးမည်ဖြစ်ပြီး အဆိုပါလက်မှတ်ကို မိမိကုမ္ပဏီ၏ Documents အောက်တွင် Download ရယူနိုင်ပါသည်။
ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န် တင်ရှိခြင်းပစ္စည်းအား ရယူထားသောကုမ္ပဏီမှ မှတ်ပုံတင်ခြင်း (Registration of mortgage or charge over property acquired by company)
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၂၃၀ အရ ကုမ္ပဏီတစ်ခုသည် ပစ္စည်းတစ်ရပ်ရပ်ကို ပိုင်ဆိုင်ရရှိပြီး ထိုပစ္စည်းသည် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိ ခြင်းနှင့် သက်ဆိုင်သည့်အခါ (အပေါင်ထားသော ပစ္စည်း၏ ပိုင်ရှင်ပြောင်းလဲသွားသည့်အခါကို ဆိုလိုပါတယ်) အဆိုပါ ပစ္စည်းကို ရရှိပြီးနောက် ကုမ္ပဏီက ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းကို မှတ်ပုံတင်ရန် လိုအပ်ခဲ့လျှင် ကုမ္ပဏီသည် ကြွေးမြီတာဝန်တင်ရှိခြင်း၏ အချက်အလက် များကို MyCO တွင် မှတ်ပုံတင်ကြေး ၃၀၀၀၀ ကျပ် ပေးသွင်း ၍ ပုံစံ (ဇ-၂) ( H-2) ဖြင့် စာရွက်စာတမ်းတစ်စုံ ပူးတွဲတင်ပြရ ပါမည်။
ဖောင်ပုံစံ-ဇ-၁ နှင့် ဇ-၂ တို့ဖြင့် မှတ်ပုံတင်ရာတွင် ကုမ္ပဏီ သို့မဟုတ် အပေါင်ခံသူ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းအား လက်ခံသူတို့၏ အချက်အလက်များနှင့်အတူ ကြွေးမြီတာဝန်တင်ရှိခြင်းအား ပြုလုပ်ခဲ့သည့် သို့မဟုတ် သက်သေထင်ရှားဖြစ်စေသည့် စာရွက်စာတမ်း၏ မိတ္တူမှန် တစ်စောင်ကို မှတ်ပုံတင်နိုင်ရန်အတွက် အဆိုပါပစ္စည်းအား ရရှိသည့်နေ့မှ ၂၈ ရက်အတွင်း MyCO တွင် မှတ်ပုံတင် ထားရှိရန် လိုအပ်ပါတယ်။
နိုင်ငံတော်၏ ပြင်ပတွင် ပစ္စည်းတည်ရှိပြီး ကြွေးမြီ တာဝန်တင်ရှိခြင်းကိုလည်း ပြင်ပ၌ ပြုလုပ်ခဲ့လျှင် သက်ဆိုင် ရာ စာရွက်စာတမ်း၏ မိတ္တူကို စာတိုက်မှ ထိုက်သင့်သည့် ဝီရိယဖြင့် ပေးပို့ခဲ့ပြီး နိုင်ငံတော်အတွင်း လက်ခံရရှိနိုင်သည့် နေ့မှ နောက်ပိုင်း ၂၈ ရက်ဖြင့် အစားထိုးရမည်ဖြစ်ပြီး ထို ၂၈ ရက်ကာလအတွင်း အချက်အလက်များ၊ စာရွက်စာတမ်း များ၏ မိတ္တူများကို MyCO တွင် မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။
ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န်တင်ရှိခြင်းဆိုင်ရာ အချက်အလက်များကို ပြင်ဆင်သတ်မှတ်ခြင်း (Modification of particulars of mortgage or charge)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၃၈(ခ) အရ ပုံစံ-ဇ-၁ နှင့် ဇ-၂ (Form- H-1 & H-2) ဖြင့် မှတ်ပုံတင် ထားသော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၏ စည်းကမ်းချက်များ သို့မဟုတ် အတိုင်းအတာ ပမာဏ သို့မဟုတ် လုပ်ဆောင်မှုများကို ပြင်ဆင်လိုပါက MyCO တွင် မှတ်ပုံတင်ကြေး ၃၀၀၀၀ ကျပ် ပေးသွင်း၍ ပုံစံ (ဇ-၃) ( H-3) ဖြင့် ပြင်ဆင်ထားသည့် စာရွက်စာတမ်း တစ်စုံပူးတွဲ တင်ပြရပါမည်။
ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းဆိုင်ရာ စာချုပ်စာတမ်း၏မိတ္တူကို ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းတွင် ထိန်းသိမ်းခြင်း (Copy of instrument creating mortgage or charge to be kept at registered office)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၃၉ အရ ကုမ္ပဏီအားလုံးသည် ပုဒ်မ ၂၂၉ အရ မှတ်ပုံတင်ရန် လိုအပ် သော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတင်ရှိခြင်း တစ်ရပ်ရပ် အား ပြုလုပ်သည့် စာချုပ်စာတမ်းအားလုံး၏ မိတ္တူ တစ်စောင်စီကို ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းတွင် သိမ်းဆည်းထားရှိရပါမည်။
ပစ္စည်းလက်ခံထိန်းသိမ်းသူခန့်အပ်ခြင်း အကြောင်းကြားစာ (Notice of appointment of receiver)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၄၀ အရ ကုမ္ပဏီတစ်ခု၏ ပစ္စည်းများကို ထိန်းသိမ်းရန် ပစ္စည်းလက်ခံ ထိန်းသိမ်းသူတစ်ဦး ခန့်အပ်သည့် အမိန့်တစ်ရပ်ကို ရရှိခဲ့လျှင် သို့မဟုတ် စာချုပ်စာတမ်းတစ်ရပ်ရပ်တွင်ပါရှိသော အခွင့် အာဏာများအရ အဆိုပါပစ္စည်းလက်ခံ ထိန်းသိမ်းသူတစ်ဦး အား ခန့်အပ်ခဲ့လျှင် ထိုသို့အမိန့်ချမှတ်သည့်နေ့ သို့မဟုတ် စာချုပ်စာတမ်းတွင်ပါရှိသော အခွင့်အာဏာအရ ခန့်အပ် သည့်နေ့မှ ၂၈ ရက်အတွင်း အဆိုပါအချက်အလက်နှင့် စပ်လျဉ်းသည့် အကြောင်းကြားမှုကို သတ်မှတ်ဖော်ပြထား သည့် ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ ပုံစံ (ဇ-၄) ( H-4) ဖြင့် တင်ပြရပါမည်။
ပစ္စည်းလက်ခံထိန်းသိမ်းသူ၏ အချက်အလက်များ ပြောင်းလဲခြင်းဆိုင်ရာ အကြောင်းကြားစာ (Notice of change of receiver details)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၄၀ အရ ပစ္စည်းလက်ခံ ထိန်းသိမ်းသူ၏ အချက်အလက်များ ပြောင်းလဲပြင်ဆင်လိုပါက ၎င်း၏ စီးပွားရေးလုပ်ငန်းလိပ်စာ အသစ်၊ အီးမေးလ်နှင့် တယ်လီဖုန်းနံပါတ် (သက်ဆိုင်သမျှ) ပါဝင်သော စာရွက်စာတမ်းတစ်စောင်ပူးတွဲ၍ MyCO တွင် ပုံစံ (ဇ-၅) (H-5) ဖြင့် တင်ပြရပါမည်။
ပစ္စည်းလက်ခံထိန်းသိမ်းသူ၏ ငွေစာရင်းများကို တင်ပြခြင်း (Filing of accounts of receiver)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၄၂ (က) အရ စာချုပ်စာတမ်းတစ်ရပ်ရပ်တွင်ပါရှိသော အခွင့် အာဏာအရ ခန့်အပ်ထားသည့် ကုမ္ပဏီ၏ပစ္စည်းများကို လက်ခံထိန်းသိမ်းရသူအားလုံးသည် အဆိုပါပစ္စည်းများကို ရယူခဲ့ပြီး ထိုဆောင်ရွက်နေသည့် ကာလတစ်လျှောက် ခြောက်လလျှင် တစ်ကြိမ်နှင့် ပစ္စည်းလက်ခံထိန်းသိမ်းသူ အဖြစ် ဆောင်ရွက်ခြင်းမှရပ်စဲခဲ့လျှင် သက်ဆိုင်ရာ ကာလအတွင်း ၎င်းအနေဖြင့် လက်ခံရရှိခဲ့သည်များနှင့် ပေးချေခဲ့ရသည်များကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ကောက်နုတ်ချက်တစ်စောင်အားပြုစု၍ မှတ်ပုံတင် အရာရှိထံသို့ ပုံစံ (ဇ-၆) (H-6) ဖြင့် တင်ပြရပါမည်။
ပစ္စည်းလက်ခံ ထိန်းသိမ်းသူအဖြစ်မှ ရပ်စဲကြောင်း အကြောင်းကြားစာ (Notice of cessation of receiver)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၄၂ (က) အရ ပစ္စည်းလက်ခံထိန်းသိမ်းသူအဖြစ်မှ ရပ်စဲလိုပါက MyCO တွင် ပုံစံ (ဇ-၇) (H-7) ဖြင့် တင်ပြရပါမယ်။
အချိန်ကာလတိုးချဲ့ခြင်း သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းကို ပြောင်းလဲ ပြင်ဆင်သည့် တရားရုံးအမိန့်အကြောင်းကြားစာ (Notice of Court Order for extension of time or rectification of mortgage or charge)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၄၄(က)၊ “တရားရုံးသည် ပုဒ်မ ၂၂၉ အရ သတ်မှတ်ထား သည့် အချိန်ကာလအတွင်း ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်းအား မှတ်ပုံတင်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် ထိုပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န် တင်ရှိခြင်း တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အချက်အလက် တစ်ရပ်ရပ် ချန်လှပ်ခဲ့ကြောင်း သို့မဟုတ် မှားယွင်းဖော်ပြ ထားကြောင်း သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်းတစ်ရပ်အား ပြုလုပ်ခြင်းအတွက် ကြွေးမြီတစ်ရပ်ပေးရန်ရှိသည့်အကြောင်းအား မှတ်ပုံတင် အရာရှိထံသို့ ဖော်ပြအကြောင်းကြားရန် ပျက်ကွက်ခြင်း တို့မှာ မတော်တဆကြောင့် ဖြစ်ကြောင်း သို့မဟုတ် တမင် ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ကြောင်း သို့မဟုတ် အခြားလုံလောက်သော အကြောင်းပြချက်များကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီ၏မြီရှင်များ သို့မဟုတ် အစုရှယ်ယာပိုင်ရှင်များကို ထိခိုက်နိုင်သည့် အခြေအနေမရှိကြောင်း သို့မဟုတ် သက်သာခွင့်ပေးရန် သင့်တော်မျှတသည့် အခြားသောအခြေခံအကြောင်းများ ရှိကြောင်း ကျေနပ်လက်ခံခဲ့လျှင် ကုမ္ပဏီ သို့မဟုတ် အခြား သက်ဆိုင်သူ တစ်ဦးဦးက လျှောက်ထားလာပါက တရားရုံးက သင့်တော်မျှတသည့် စည်းကမ်းချက်များကို သတ်မှတ်၍ မှတ်ပုံတင်ရမည့် အချိန်ကာလကို တိုးမြှင့်ပေးနိုင်သည် သို့မဟုတ် ချန်လှပ်မှု သို့မဟုတ် မှားယွင်းဖော်ပြမှုများကို ပြင်ဆင်စေနိုင်သည့်အပြင် တရားရုံးအနေဖြင့် သင့်သည် ထင်မြင်ပါက လျှောက်ထားမှုအတွက် ကုန်ကျစရိတ်များနှင့် စပ်လျဉ်းသည့် အမိန့်တစ်ရပ် ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားပါသည်။ ဒါကြောင့် အချိန်ကာလတိုးချဲ့ခြင်း သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း ကို ပြောင်းလဲပြင်ဆင်လိုပါက MyCO တွင် ပုံစံ (ဇ-၈) (H-8) ဖြင့် တရားရုံးအမိန့်အားပူးတွဲ၍ တင်ပြရပါမည်။
ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န်တင်ရှိခြင်းတို့အရ ငွေပေးချေမှု သို့မဟုတ် လိုက်နာဆောင်ရွက်မှုပြီးစီးကြောင်း (Payment or satisfaction of mortgage or charge)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)၊ ပုဒ်မ ၂၄၄(က)၊ “ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၂၉ အရ မှတ်ပုံတင်ရန် လိုအပ်သော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န် တင်ရှိခြင်းတစ်ရပ်ရပ်ကို ငွေပေးချေမှု သို့မဟုတ် လိုက်နာ ဆောင်ရွက်မှု အပြည့်အဝ ပြုလုပ်ပြီးသည့်နေ့မှ ၂၈ ရက် အတွင်း မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန် တာ၀န်ရှိသည်။ ထို့အပြင် အပေါင်ခံသူ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိ ခြင်းကို ရရှိသူသည် ငွေပေးချေမှု သို့မဟုတ် လိုက်နာ ဆောင်ရွက်ရမှုများကို မှတ်တမ်းတင်နိုင်ကြောင်း စာဖြင့် ရေးသားတင်ပြရမည်” ဟု ပြဋ္ဌာန်းထားပါသည်။ ပေါင်နှံ ခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်ကို ငွေပေးချေမှု သို့မဟုတ် လိုက်နာဆောင်ရွက်မှု အပြည့်အဝ ပြုလုပ်ပြီးပါက အပေါင်ခံသူ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းကို ရရှိသူက ငွေပေးချေမှု သို့မဟုတ် လိုက်နာ ဆောင်ရွက်ရမှုများကို မှတ်တမ်းတင်နိုင်ကြောင်း စာဖြင့် ရေးသားထားသည့် အကြောင်းကြားစာ ပူးတွဲလျက် ပုံစံ (ဇ-၉) (H-9) ဖြင့် MyCO တွင်မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။ ။