လားရှိုး ၂   မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မယ်ဟန်ကျေးရွာအုပ်စု မယ်ဟန်ကျေးရွာ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကျောက်ရိုးစီ ရေတားတမံလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါကျေးရွာတွင် သောက်သုံးရေရရှိရေး လုပ်ငန်းအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၃၁ ဒသမ ၄၂ သန်း ဖြင့် အလျား ၈၀ ပေ အနံ ၂၂ ပေ အမြင့် ၁၀ ပေရှိ ရေဂါလံ ၄ သိန်းဆံ့ကျောက်ရိုးစီရေတား တမံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးပါက အဆိုပါ မယ်ဟန်ကျေးရွာရှိ အိမ်ခြေ ၅၃၅ အိမ်မှ လူဦးရေ ၃၅၃၆ ဦးတို့၏ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း လားရှိုးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်ထံမှ သိရသည်။

 

"ကျွန်တော်တို့ ဌာနအနေဖြင့် လားရှိုးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မယ်ဟန်ကျေးရွာ အပါအဝင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာ ၁၆ ရွာတွင် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ၁၀ ခု၊ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်း ငါးခုနှင့် အခြားရေရရှိရေးလုပ်ငန်း တစ်ခုစုစုပေါင်းလုပ်ငန်း ၁၆ ခုကို ခွင့်ပြုရန်ပုံငွေကျပ် သန်း၂၈၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း" လားရှိုးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင် ပြောပြ၍ သိရသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)