နောင်တရား ၉ ဇန်နဝါရီ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒသအတွင်းရှိ လွယ်မောကျေးရွာအုပ်စု၊ မိုးနဲကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ ဘုရားတောင်ကျေးရွာ၊ ကွန်ချဉ်ကျေးရွာများတွင် ဆောင်ရွက်နေသည့် တစ်ဖက်ပိတ် ရေလှောင်ကန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဇန်နဝါရီလ ၈ ရက်နေ့တွင်သွားရောက်ကြည့်ရှုခဲ့သည်။
မယ်ဖားလုံဖောင်ဒေးရှင်းမှ ဆောင်ရွက်ပေးသည့် ဘုရားဖြူကျေးရွာ၊ မြေနီကုန်းကျေးရွာများ၌ တစ်ဖက်ပိတ် ရေလှောင်ကန် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မယ်ဖားလုံဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ Mr. Disnadda Diskul နှင့်အဖွဲ့ဝင်များ၊ CP ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များက သွားရောက်ကြည့်ရှုသည်။
ထို့နောက် မြေနီကုန်း ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်က အမှာစကားပြောကြားခဲ့ပြီး မယ်ဖားလုံဖောင်းဒေးရှင်းဥက္ကဋ္ဌမှ ကျေးရွာသူ ကျေးရွာသားများ လူမူဖူလုံရေးအတွက် တစ်ဖက်ပိတ် ရေလှောင်ကန် ဆောင်ရွက်ပေးထားသည့် မြေနီကုန်း ကျေးရွာ၊ ဘုရားဖြူ ကျေးရွာ၊ မိုးနဲကျေးရွာ၊ ကွန်ချဉ်ကျေးရွားနှင့် ဘုရားတောင်ကျေးရွာများသို့ တစ်ရွာလျှင် ငွေကျပ် ၂၀ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်အောင် (နောင်တရား)