ခန္တီး ဧပြီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မယ်ပုတ်-ကျားကိုက်-မလန်ပိုင် ကျေးရွာချင်းဆက်လမ်း ၁၀ မိုင်အနက် မြေသားလမ်း ၃ မိုင်နှင့် အဆိုပါ လမ်းပိုင်းပေါ်၌ Box Culvert ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၃၄ ဒသမ ၉ဝဝ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အဆိုပါလမ်း ဖောက်လုပ်ပေးနိုင်မှုကြောင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ အဓိက ကျေးရွာ ၃ ရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုကို များစွာအထောက်အကူပြုလျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် ခန္တီးခရိုင်အတွင်း ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၇၂ဝ ဒသမ ၈၉၃ သန်း၊ တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ငွေကျပ် ၇၃ဝ ဒသမ ၉၃၈ သန်း၊ စုစုပေါင်း ငွေကျပ် ၁၄၅၁ ဒသမ ၈၃၁ သန်းဖြင့် မြေသားလမ်း ၁၄ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၈ မိုင်၊ ကွန်ကရစ် တံတား ၂ စင်း၊ Box Culvert ၂၅ စင်းနှင့် သောက်သုံးရေး ရရှိရေးလုပ်ငန်း ၂ ခု တို့ကို အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်