ရန်ကုန် မတ် ၂
    
ပိဋကတ္ထယမာမကအသင်းက ကြီးမှူးကျင်းပသည့် န၀မအကြိမ်ပိဋကသုံးပုံ ပါဠိတော် မြန်မာဘာသာပြန်စာမေးပွဲ၌ကျမ်းပြီးအောင်မြင်ကြသည့် သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်  ကမ္ဘာအေးဘုရားလမ်းနှင့် ကြားတောရလမ်းထောင့်ရှိ ရွှေကျင်နိကာယ သာသနာလင်္ကာရ မဟာဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဦးစွာ  ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိ သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရန်ကုန်မြို့၊ စိန်ရတနာဓမ္မာစရိယ စာ သင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသာသန၀ရက ပိဋကတ်သုံးပုံမြန်မာပြန်စာ မေးပွဲနှင့်  WE LOVE  DHAMMA FOUNDATION ဖြစ်ပေါ်လာပုံအကြောင်းတို့ကို ရှင်းလင်း တင်ပြလျှောက်ထားသည်။

ထို့နောက် စန်းသော်တာစိန်ရွှေရတနာဆိုင် မသော်တာ၀င်း က WE LOVE DHAMMA FOUNDATION အတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ FOUNDATION ဥက္ကဌ ဦး၀င်းမြင့် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ယင်းနောက် အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ WE LOVE DHAMMA FOUNDATION နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ဆက်လက်၍ အလှူရှင် မသော်တာ၀င်းက ပိဋကတ်သုံးပုံမြန်မာပြန် စာမေးပွဲ (ရန်ကုန်စာဖြေဌာန) စာအောင်သံဃာတော် ၆၄ ပါးတို့အား တစ်ပါးလျှင် ငွေကျပ်တစ်သိန်း တန်ဖိုးရှိ ပစ္စည်းလေးပါးကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပိဋကတ်သုံးပုံ မြန်မာပြန်စာမေးပွဲ (ရန်ကုန်စာဖြေဌာန)အထူးအောင်ပုဂ္ဂိုလ် ၃ပါးတို့အား WE LOVE DAMMA FOUNDATION သြဝါဒါစရိယ ဆရာတော်များက အထူးအောင်ဂုဏ်ပြုလွှာများကို ပေးအပ်ပြီး ပိဋကတ်မြန်မာပြန်စာမေးပွဲ (ပဲခူးစာဖြေဌာန၊ မန္တလေးစာဖြေဌာန၊ မုံရွာစာဖြေဌာန၊ မြစ်ကြီးနားစာဖြေဌာနတို့မှ စာအောင်သံဃာတော် (၁၇၇)ပါးတို့အတွက် ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများကို WE LOVE  DHAMMA FOUNDATION ဒုတိယဥက္ကဌ ဦးသန်းဦးကဆက်ကပ်လှူဒါန်းရာ သံဃာတော်များကိုယ်စား အရှင်ဇနိတာလင်္ကာရာဘိဝံသက လက်ခံရယူတော်မူသည်။

ယင်းနောက် ၁၁ပါးမြောက်တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရမ္မာ၀တီ ရခိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒပါလထံမှ ရေစက်ချအနုမောဒတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်