သရက် ၁၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ထုံးတောင်ကျေးရွာအုပ်စု ဘိလပ်မြေစက်ရုံ ကျောက်ခွဲကျင်းလမ်း၌ ယနေ့နံနက်ပိုင်းက နွားစာရိတ်ရန်သွားသည့် သုံးဘီးဆိုင်ကယ်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သရက်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့်က သရက်မြို့၊ အနောက်တောင်ပိုင်းရပ်ကွက်၊ ဝက်ကုန်းရပ်နေ အောင်မျိုးမင်း (ခ) ဂိုဗင်သာ (၃၂)နှစ်မောင်းနှင်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းလာသည့် သုံးဘီးဆိုင်ကယ်သည် နွားစာရိတ်ရန် ထုံးတောင်ကျေးရွာအုပ်စု၊ သဲဖြူလေးကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံ၊ ကျောက်ခွဲကျင်းတောင်ပေါ်သို့ တက်ရောက်စဉ် တောင်အဆင်း၌ ဘရိတ်ကြိုးပြတ်ကာ ပေ ၃၀ ခန့်နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
သုံးဘီးဆိုင်ကယ်တိမ်းမှောက်စဉ် စီးနင်းလိုက်ပါခဲ့သူ ဒေါ်စံခွန်သရီ (၄၃)နှစ်မှာ သုံးဘီးပေါ်မှပြုတ်ကျသည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ယာဉ်မောင်း အောင်မျိုးမင်း (ခ) ဂိုဗင်သာအား သရက်မြို့မရဲစခန်းတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)