နာဆာက လကမ္ဘာလေ့လာမှုများပြုလုပ်မည့် အာကာသယာဉ်မှူးအမည်များ ကြေညာ

 

မောင်သာယာ

 

အမေရိကန်အာကာသအေဂျင်စီ နာဆာက လာမည့်နှစ်တွင် လကမ္ဘာအနီးဝန်းကျင်၌ စူးစမ်းလေ့လာမှုများ ပြုလုပ်ရန် အထူးတာဝန်ထမ်း ဆောင်မည့် အာကာသယာဉ်မှူးများကို ရွေးချယ် ကြေညာလိုက်ပြီဖြစ်သည်။

 

အဆိုပါ လကမ္ဘာသွားမည့် ခရီးစဉ်သည် နာဆာ၏ Artemis အစီအစဉ်မှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နောက်ထပ်အမေရိကန်အာကာသယာဉ်မှူးများ လပေါ်ဆင်းသက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

 

အာကာသယာဉ်မှူးလေးဦးသည် နာဆာက တရားဝင်သတ်မှတ်ထားသည့် Artemis II မစ်ရှင် ခရီးစဉ်တွင် ပါဝင်ကြမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော Artemis II မစ်ရှင်သည် နာဆာ၏ Orion အာကာသယာဉ်ပေါ်မှ အာကာသယာဉ်မှူးများအား လအနီးဝန်းကျင်တွင် ၁၀ ရက်ကြာလေ့လာရေး ခရီးစဉ်အနေဖြင့် စေလွှတ်မည်ဖြစ်သည်။ စေလွှတ်ရသည့် ရည်ရွယ်ချက်မှာ Orion အာကာသယာဉ်၏ စနစ်အားလုံးကို လူသားအာကာသယာဉ်မှူးများ နှင့်အတူ စမ်းသပ်သွားရန် ဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Orion အာကာသယာဉ်သည် အာကာသယာဉ်မှူးများမပါရှိဘဲ စမ်းသပ် ပျံသန်းမှုတစ်ခု အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ Artemis I ဟုခေါ်သော အဆိုပါ စမ်းသပ် ပျံသန်းမှုအတွင်း အာကာသယာဉ်သည် လကမ္ဘာ နှင့် လကမ္ဘာနောက်ဘက်သို့ ကီလိုမီတာ ၂ ဒသမ ၂ သန်းကျော် ခရီးနှင်ခဲ့ရသည်။ ပျံသန်းမှုအပြီးတွင် နာဆာက Orion အာကာသယာဉ်သည် အေဂျင်စီ၏ မျှော်မှန်းချက်ထက်ကျော်လွန် လုပ်ဆောင်နိုင်ခဲ့ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

အကယ်၍ Artemis II မစ်ရှင်အောင်မြင်ပါက တတိယမြောက်မစ်ရှင် Artemis III ဖြင့် လမျက်နှာ ပြင်ပေါ်သို့ အာကာသယာဉ်မှူးများ ဆင်းသက်ရန် ရည်ရွယ်ထားသည်။ အဆိုပါ ကြိုးပမ်းအားထုတ်မှု များသည် လာမည့်နှစ်များတွင် ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ ၁၉၇၂ ခုနှစ်တွင် နာဆာ၏ Apollo 17 မစ်ရှင်ဖြင့် အာကာသယာဉ်မှူးများ လပေါ်ဆင်းသက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လပေါ် ဆင်းသက်ခြင်း ဖြစ်လာလိမ့်မည်ဖြစ်သည်။ ယခုသွားရောက်မည့် Artemis II မစ်ရှင် ခရီးစဉ်တွင် အမျိုးသမီးတစ်ဦးနှင့် အာဖရိကန်အမေရိကန် လူမည်းအမျိုးသားတစ်ဦးတို့သည် ပထမဆုံးအကြိမ် အနေဖြင့် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း နာဆာက ပြောကြားသည်။

 

အာကာသယာဉ်မှူးများထဲမှ အမျိုးသမီးတစ်ဦးဖြစ်သည့် ခရစ္စတီးနားကိုချ် သည် Mission Speci- alist 1 အဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သူသည် အသက် ၄၄ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး အမျိုးသမီးတစ်ဦးအနေဖြင့် အရှည်ကြားဆုံး အာကာသပျံသန်းမှုမှတ်တမ်းကို ရရှိထားသူဖြစ်သည်။ သူသည် နာဆာ၏ အာကာသအတွင်း လမ်းလျှောက်ခဲ့သူ ပထမဆုံးအမျိုးသမီးသုံးဦးတွင်လည်း ပါဝင်ခဲ့သည်။

 

ခရစ္စတီးနားသည် အမျိုးသား အာကာသယာဉ်မှူးတစ်ဦးဖြစ်သည့် ဗစ်တာဂလပ်ဘာနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ဗစ်တာသည် အသက် ၄၆ နှစ်ရှိပြီး အမေရိကန်ရေတပ်မှ လေယာဉ်မှူး တစ်ဦးဖြစ်သည်။ ဗစ်တာသည် အာကာသအတွင်း လမ်းလျှောက်ခြင်း လေးကြိမ်ပြုလုပ်ခဲ့သည်။ Artemis II မစ်ရှင်၏ လေယာဉ်မှူးအဖြစ် ဆောင်ရွက်မည့် ဗစ်တာသည် လကမ္ဘာ လေ့လာ ရေးခရီးစဉ်အတွက် ရွေးချယ်ဖူးသည့် ပထမဆုံး လူမည်းအာကာသယာဉ်မှူး ဖြစ်လာမည်ဖြစ်သည်။

 

ထို့ပြင် ကနေဒါတော်ဝင်လေတပ်မှ အသက် ၄၇ နှစ်ရှိ ဗိုလ်မှူးကြီး ဂျယ်ရမီ ဟန်ဆင်သည် အဆိုပါ ခရီးစဉ်တွင် Mission Specialist 2 အဖြစ် ပါဝင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အမေရိကန် ရေတပ်မှ အသက် ၄၇ နှစ်ရှိ တိုက်လေယာဉ်မှူး ဟောင်း ရိဒ်ဝိုက်စ်မန်းသည်လည်း Artemis II မစ်ရှင်၏ မစ်ရှင်တာဝန်မှူးအဖြစ် ဆောင်ရွက်သွား မည်ဖြစ်သည်။

 

“Artemis II မစ်ရှင်အဖွဲ့သားတွေဟာ လူသား ထောင်ပေါင်းများစွာကို ကိုယ်စားပြုပြီး ကျွန်တော် တို့ကို ကြယ်တွေဆီ ခေါ်ဆောင်သွားဖို့ မမောနိုင် မပန်းနိုင် အလုပ်လုပ်နေပါတယ်။ ဒါဟာ လူသား အမှုထမ်းတွေပဲဖြစ်ပါတယ် ဟု နာဆာအုပ်ချုပ်ရေး မှူး ဘီးလ်နယ်လ်ဆင်က အာကာသယာဉ်မှူးများ ထုတ်ပြန်ကြေညာမှုနှင့်ပတ်သက်၍ ပြောကြားသည်။

 

လူရွေးချယ်ပွဲတွင် ခရစ္စတီးနားက လူအုပ်ထဲမှ ပျော်ရွှင်အားရစွာဖြင့် “ကျွန်မ စိတ်လှုပ်ရှားနေတာလား။ သိပ်သေချာတာပေါ့။ ဒါပေမဲ့ ကျွန်မတကယ်မေးချင်တာက ရှင်တို့ရော စိတ်လှုပ်နေကြပြီလား ဟု ပြောကြားခဲ့သည်။

 

ကနေဒါအာကာသအေဂျင်စီသည် စက်ရုပ်လက်နက်များနှင့် အာကာသစခန်းကိရိယာများ တီထွင် ထုတ်လုပ်ရာတွင် နာဆာနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် လကမ္ဘာလေ့လာရေးခရီးစဉ်တွင် နေရာတစ်ခုရရှိခဲ့သည်။ ဟန်ဆင်က လကမ္ဘာ လေ့လာရေးမစ်ရှစ်တွင် ကနေဒါ ပါဝင်ခွင့်ရရှိသည့် အတွက် ကျေးဇူးတင်ကြောင်းနှင့် ကျွန်တော်တို့ လကမ္ဘာကို အတူတူသွားကြမည်ဟု ပြောကြားသည်။

 

Artemis II မစ်ရှင်သည် ကမ္ဘာမြေမှ ကီလိုမီတာ ၃၇၀၀၀၀ ကွာဝေးသောနေရာသို့ ရောက်ရှိရန် မျှော်လင့်ထားသည်။ နိုင်ငံတကာအာကာသစခန်းသည် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၄၀၀ ခန့် အကွာတွင် တည်ရှိသည်။

 

ကိုးကား -

NASA Announces Moon Mission Astronauts ကို ဘာသာပြန်သည်။