နာဂဒေသ၊ ပန်ဆောင်မြို့၊ နာယန်းကျေးရွာ၌ ဘောလုံးကွင်းဖွင့်ပွဲကျင်းပ

ပန်ဆောင်   အောက်တိုဘာ   ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ဝပ်ထမ်းကျေးရွာအုပ်စု၊ နာယန်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သော ကျေးရွာဘောလုံးကွင်း ဖွင့်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အောက်တိုဘာ ၇ ရက်က အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

ကျေးရွာဘောလုံးကွင်းအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၆၆ သိန်းနှင့် ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေ ၆၆ သိန်း စုစုပေါင်းငွေကျပ် ၁၃၂ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊  ကျေးရွာသူ ရွာသားများကလည်း မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် တက်ညီလက်ညီ ကြိုးစားအားထုတ်ခြင်းကြောင့် ကျေးရွာအဆင့်မီ အားကစားကွင်းကို‌ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

 

mdn

 

 

အခမ်းအနားတွင် နာဂရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပြီး နန်းယွန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများပေးအပ်ရာ  နာယန်းကျေးရွာ ရပ်မိ၊ ရပ်ဖ ဦးဂန်ယောက လက်ခံရယူခဲ့သည်။ ထို့နောက် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများအား ဆုများ ချီးမြှင့်ခဲ့သည်။

 

ရွှေမိုး/ဂျာယော်(ပြန်/ဆက်)