လဟယ် ၊     ၅   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေနှင့် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၇၈၄ ဒသမ ၀၁၂  သန်းကျော် အသုံးပြုကာ ကျေးရွာ ၄၆ ရွာ၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နာဂဒေသကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံ ငွေကျပ် ၅၅၃ ဒသမ ၈၄၅  သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရန်ပုံငွေကျပ် ၂၃၀  ဒသမ ၁၆၇  သန်းဖြင့် စိမ့်စမ်းရေးသွယ်တန်းခြင်းလုပ်ငန်း ၁၈ ခု၊ ကျေးလက် ကုန်ထုတ်လမ်းတစ်ခု၊ ကျေးလက်ရုံးအဆောက်အဦတစ်ခု၊ ရုံးအဝင်လမ်းတစ်ခု၊ မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းနှစ်ခု၊ ကျေးလက်စံပြအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း ၂၃ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လုပ်ငန်းများစတင် ဆောင်ရွက်နိုင်ရေး တင်ဒါအောင်မြင်ပြီးဖြစ်သော လုပ်ငန်းများကို ကုမ္ပဏီများဖြင့် စာချုပ်ချုပ်ဆိုပြီးဖြစ် ကြောင်း နာဂဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းနိုင် ပြောပြချက်အရ သိရသည်။

 

“ကျွန်တော်တို့ နာဂဒေသအတွင်းရှိ မြို့နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေ၊ မီး၊ လမ်း၊ ကျေးလက်အိမ်ရာ၊ စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နှစ်စဉ်အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု နာဂဒေသဦးစီးမှူး ဦးဝင်းနိုင်က ပြောသည်။

 

အဆိုပါကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက‌ ကျေးရွာ(၄၆)ရွာရှိ အိမ်ခြေ (၁၅၄၈)အိမ်နှင့် လူဦးရေ (၁၄၀၄၈)ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်