လေရှီး ၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ မဲစာရင်းတွင် မိမိအမည် ပါ၊ မပါ လာရောက်ကြည့်ရှုလျက်ရှိပါကြောင်း လေရှီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
လေရှီးမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၄ အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၀၇၇၂ ဦးအတွက် မဲရုံပေါင်း ၅၅ ရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာရာတွင် မိမိအမည်စာရင်း ပါ၊ မပါ လာရောက်ကြည့်ရှုကြရန်လိုအပ်ကြောင်း၊ သို့မှသာ ဆန္ဒမဲ စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ (၃)ဖြင့် အမည်စာရင်း တင်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူ များပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် မိမိအမည်နှင့် အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် ၅၇ ဦးခန့်အပ်ထားပြီး အထူးရဲသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း လေရှီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။
မွှေးကြူဇင်


