ပန်ဆောင်   ဒီဇင်ဘာ   ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု မြို့နယ်လူငယ်များအသင်းမှ ကြီးမှူးကျင်းပသည့် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်က ခမ္မတိုင်ကျေးရွာ(လုံရုတ်ထုန်း) ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ နန်းယွန်းမြို့နယ် အား/ကာမှူး ဦးချင်းအောင်က ဦးဆောင်ကာ အားကစားသမားများနှင့်အတူ အားကစား သန္နိဋ္ဌာန်ရွတ်ဆိုပြီး နာဂရိုးရာ၊ စာပေနှင့် ယဉ်ကျေးမှု မြို့နယ်နာယကကြီး ဉီးကျော်ဝမ်းစိန်က အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက အဖွင့်အမှာစကား ပြောကြားကာ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု မြို့နယ်ကော်မတီ အတွင်းရေးမှူး ဦးကျော်ထိုက်က ဆောင်းရာသီ အားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပန်ဆောင်မြို့ အမှတ်(၁၂၆) ခြေလျင် တပ်ရင်းမှူးက ဘောလုံးကန် ဖွင့်လှစ်ပေးရာ ပြိုင်ပွဲဝင်အသင်းများက ယှဉ်ပြိုင်ကစားကြသည်။

 

အဆိုပါ အားကစားပြိုင်ပွဲတွင် ပန်ဆောင်ဒေသရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အမျိုးသား ဘောလုံးအသင်း ၁၃ သင်း၊ အမျိုးသမီး ဘောလုံးအသင်း ငါးသင်းနှင့် အမျိုးသား ပိုက်ကျော်ချင်းလုံး အသင်း ရှစ်သင်းတို့က ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၈ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ် ကြောင်း သိရသည်။

 

ရွှေမိုး(ပြန်/ဆက်)