ထန်ပါခွေ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် နာဂဒေသ အသုံးအဆောင်ဖြစ်သော တစ်ပိုင်တစ်နိုင် ကြိမ်ပလိုင်း၊ တောင်းများ၊ ရိုးရာဆန်ကောများ ရက်လုပ်ခြင်းဖြင့် မိသားစု ဝင်ငွေရရှိလျက်ရှိသည်။
အဆိုပါမြို့တွင် ကြိမ်၊ နှီး၊ ဝါးများဖြင့်ပြုလုပ်ထားသည့် နာဂဒေသ အသုံးအဆောင်ဖြစ်သော ပလိုင်းအစိတ်၊ အကျဲ၊ ဆန်ချင့်သည့်တောင်း၊ တောင်းအသေး၊ အကြီး၊ ငါးဖမ်းမြှုံး၊ ရိုးရာဆန်ကောများ အစရှိသည်တို့ကို ဒေသခံများက အများဆုံး တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
၎င်းအသုံးအဆောင်များ ရက်လုပ်သူ ဒေသခံ ဦးဟန်ကြည်က "ပလိုင်းတစ်ခုရက်လုပ်လျှင် အချိန် ၄ နာရီ ခန့်ကြာမြင့်ကြောင်း၊ ကုန်ကြမ်းပစ္စည်းအနေဖြင့် ဝါး၊ ကြိမ်၊ နှီး များကို အသုံးပြုထားကြောင်း၊ ပလိုင်းတစ်ခုလျှင် ကျပ် (၁၀၀၀၀) ဝင်ငွေရရှိကြောင်း၊ ပလိုင်းများကို ဒေသခံများက ထင်းခွေ၊ ရေခပ်၊ တောင်ယာသွားသည့်အချိန်တွင် ထည့်စရာအဖြစ် ဘက်စုံအသုံးပြုကြကြောင်း၊ အချို့ကလည်း ပလိုင်းများကို လက်ဆောင်ပေးရန်အတွက်လည်း မှာယူကြကြောင်း၊ ပလိုင်းအစိတ်၊ အကျဲ၊ အသေး၊ အကြီးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းလဲရှိကြောင်း၊ ရိုးရာဆန်ကောများကို ရက်လုပ်ရာတွင် နှီးကို အများဆုံးအသုံးပြုပြီး ဝါး၊ ကြိမ်များဖြင့် ရက်လုပ်ခြင်းဖြစ်ကြောင်း၊ တောင်ယာနားသည့်အချိန်တွင် ၎င်းပလိုင်းများကို ရက်လုပ်ခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ မိသားစုဝင်ငွေ ရရှိကြောင်း"ပြောသည်။
ဟန်ထွန်း(အင်းဝ)