နေပြည်တော်  ၉  ဇွန် 

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အထူးကိစ္စရပ်အနေဖြင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ မိခင်နှင့်ကလေးကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝေးလံသွားလာရခက်ခဲသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်အတွက် အမှန်တကယ်လိုအပ်လျက်ရှိပြီး လက်တွေ့မြေပြင်အခြေအနေတွင် ပြုလုပ်နိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆောင်ရွက်ခြင်းမှာ ဆေးပညာ ကျင့်ဝတ်များနှင့်အညီဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ယခုညှိနှိုင်းအစည်းအဝေးသည် အရေးကြီးပါကြောင်း။

 

ညှိနှိုင်းအစည်းအဝေးတွင် လက်တွေ့မြေပြင်၌ အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ တိကျစွာ ထွက်ပေါ်လာရေးနှင့် စနစ်ကျစွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များရှိ ကျေးရွာများ အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများမှ သွားလာရခက်ခဲသော ကျေးရွာများမှ မိမိတို့နိုင်ငံသား ဒေသခံပြည်သူများတွင် ဘာသာစကားမျိုးစုံကွဲပြားလျက်ရှိပြီး ကျန်းမာရေးအသိပညာလည်း နည်းပါးကာ ကာကွယ်နိုင်သည့် ရောဂါများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါကြောင်း၊

 

နိုင်ငံတကာအဆင့်မီ ကျန်းမာရေးအဆင့်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများ၊ စီမံချက်လုပ်ငန်းများ များပြားစွာရှိသော်လည်း မိမိတို့နိုင်ငံ၊ လုပ်ငန်းဆောင်ရွက်မည့်ဒေသ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှု မရှိပါက လက်တွေ့ဆောင်ရွက်ရာတွင် မည်သို့မျှအောင်မြင်မှုရရှိမည် မဟုတ်ပါကြောင်း၊ ဒေသ၏ ပထဝီအနေအထား၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်မှု၊ လူမှု-စီးပွား၊ ဖွံ့ဖြိုးမှု၊ ဒေသခံများ၏ ကျန်းမာရေး အသိပညာကြွယ်ဝမှု၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ အလေ့အထ၊ ကျန်းမာရေး ဝန်ဆောင်မှု များရရှိမှုနှင့်အသုံးပြုမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေနှင့်ဆေး၊ ဆေးပစ္စည်းကိရိယာများ အပါအဝင် အရင်းအမြစ်များ၊ ဒေသရှိ ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း စသည့်အခြေအနေများကို နောက်ခံထား၍ ဒေသနှင့် အကိုက်ညီဆုံးသော စီမံချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

ဆက်သွယ်ပြောဆိုသည့် ဘာသာစကားအမျိုးမျိုးကွဲပြားလျက်ရှိသည့် အဆိုပါဒေသရှိ ပြည်သူများတွင် ရောဂါကာကွယ်ဆေး၊ အာဟာပြည့်ဝစွာစားသုံးမှု၊ မိခင်၊ မျိုးဆက်ပွားနှင့် ကလေးကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စသည့် ကျန်းမာရေးအသိပညာ ဗဟုသုတများ ရရှိကြွယ်ဝစေရန် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ ဒေသတာဝန်ရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး အစရှိသည့် အထူးအရေးကြီးသည့် ကဏ္ဍများ၏ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုကို ရယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

ဒေသရှိ မြို့နယ် ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာနမှူးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးပညာရှင်များဖြစ်သည့် ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်များ၏ အကြံပြုမှုသည် လုပ်ငန်းစဉ်များ ရေးဆွဲရာ၌ အထူးအရေးကြီးပါကြောင်း၊ဒေသတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ထိရောက်စွာ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများရရှိမည် ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ် ပြောဆိုခြင်း၊ ပံ့ပိုးပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အောင်မြင်မှု များရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အထူးအစီအစဉ်ဖြင့် အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းများအား ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုများကို လက်ကမ်း ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အဖွဲ့ဝင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်း က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် Unicef၊ WFP၊ Access to Health Fund၊ မြန်မာကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ WHO Country Office၊ PATH၊ CPI၊ Medical Action Myanmar တို့မှ တာဝန်ရှိသူများက လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းပံ့ပိုးမည့် အစီအစဉ်များကို ပြောကြားသည်။

 

ညှိနှိုင်းအစည်းအဝေး နံနက်ပိုင်း ဆွေးနွေးအကြံပြုမှုအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး မွန်းလွဲပိုင်းအစီအစဉ်တွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကာ တက်ရောက်လာသူများက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ မိခင်နှင့်ကလေးကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)