မုံရွာ ၂၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်တာကာလအတွင်း ခေတ်မီတောင်စောင်း စိုက်ပျိုးရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် လှေကားထစ်လယ်မြေ (၂၉၃)ဧကကို ဖော်ထုတ်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံထံမှ သိရသည်။
“နာဂဒေသမှာ အသုံးပြုစိုက်ပျိုးတဲ့ စနစ်က ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်းစနစ်ဖြစ်တယ်၊ ဒီစိုက်ပျိုးနည်းစနစ်က သစ်တောတွေ ပြုန်းတီးတယ်၊ နောက်ဆက်တွဲအနေနဲ့ မြေဆီမြေလွှာတွေ ဆုံးရှုံးတဲ့အတွက် ရေရှည်မှာ စိုက်ပျိုးမြေနေရာ အခက်အခဲဖြစ်လာမယ်၊ ဒါကြောင့် ရေရှည်အသုံးပြုနိုင်မယ်၊ ဒေသမှာလည်း အမြဲစိမ်းလန်းစိုပြည်နိုင်စေမယ့် စိုက်ပျိုးနည်းစနစ်ဖြစ်တဲ့ ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်တယ်၊ စံပြစိုက်ခင်းတွေအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကနေ ဒီကနေ့အထိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေနဲ့ စိုက်ဧက(၃၆)ဧကကို စံပြစိုက်ခင်းအနေနဲ့ လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ကို အများဆုံးအသုံးပြုလျက်ရှိပြီး ၎င်းစနစ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သည့်အပြင် မြေဆီလွှာများပျက်စီး၍ အပင်အာဟာရ ဆုံးရှုံးမှုများကို ဖြစ်ပေါ်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေပြီး ရေရှည်စိမ်းလန်း တည်တံ့စေမည့် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းနစ် (SloppingAgricultual Land Techonlogy) ကို အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


