နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မိုးစပါး ဧက ၄၉၃၃ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်

မုံရွာ ၂၁ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ် (၃)ခုနှင့် မိုပိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီးနှင့် ပန်ဆောင်မြို့နယ်ခွဲများအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး ၄၉၃၃ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ခန္တီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အန်နန်းထော်၏ ပြောကြားချက်များအရ သိရသည်။

 

“အခုအချိန်မှာတော့ တောင်ယာစိုက်ပျိုးဧကက စိုက်လို့ ပြီးသလောက်ဖြစ်နေပြီ၊ လှေကားထစ်နည်းနဲ့ စိုက်ပျိုးတာတွေက စစိုက်တဲ့နေရာတွေ စိုက်နေကြပြီ မိုးကောင်းသောက်လယ်တွေကတော့ ထွန်ယက်တဲ့ ပျိုးထောင်တဲ့လုပ်ငန်းတွေ လုပ်နေတုံးပဲရှိသေးတယ်” ဟု ခန္တီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အန်နန်းထော်က ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီတွင် လေရှီးမြို့နယ်အတွင်း (၃၈၅)ဧက၊ မိုပိုင်းလွတ် မြိုနယ်ခွဲအတွင်း (၅၈)ဧက၊ လဟယ်မြို့နယ်အတွင်း (၃၃၂၅)ဧက၊ ထန်ပါခွေမြို့နယ်ခွဲအတွင်း (၅၂၁)ဧက၊ နန်းယွန်းမြို့နယ်အတွင်း (၁၉၀)ဧက၊ ဒုံဟီးမြို့နယ်ခွဲအတွင်း (၃၆၉)ဧကနှင့် ပန်ဆောင်မြို့နယ်ခွဲအတွင်း (၈၅)ဧက စုစုပေါင်း (၄၉၃၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)