မုံရွာ  ၁၆  ဇွန်  

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် သုံးခုနှင့် မြို့လေးခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး ဧက ၂၅၀၀၀ စိုက်ပျိုးသွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိတဲ့ မြို့နယ်နဲ့ မြို့တွေက အများအားဖြင့် တောင်တန်းပေါ်တွေမှာရှိတဲ့အတွက်  လှေကားထစ် တောင်ယာစိုက်ပျိုးရေးတွေကို အဓိကထား လုပ်ကိုင်ကြတယ်။ သီးနှံမျိုးစုံစိုက်ပျိုးကြတဲ့အထဲမှာ စပါးကို တစ်နှစ်ထက်တစ်နှစ် ပိုပြီးစိုက်ပျိုး လာကြတယ်။ စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသနဲ့ကိုက်ညီတဲ့မျိုးတွေ ထောက်ပံ့ပေးသလို လိုအပ်တဲ့ စိုက်ပျိုးနည်းစနစ်တွေကိုလည်း စိုက်ခင်းနေရာတွေ အရောက်သွားပြီး ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့ နယ်အတွင်း ၅၁၈၆ ဧက၊ မိုပိုင်းလွတ်မြို့အတွင်း ဧက ၅၂၀၊ လဟယ်မြို့နယ်အတွင်း ၅၆၆၂ ဧက၊ ထန်ပါခွေမြို့အတွင်း ၁၄၉၉ ဧက၊ နန်းယွန်းမြို့နယ်အတွင်း ၂၄၇၆ ဧက၊ ဒုံဟီးမြို့အတွင်း ဧက ၄၆၅၀၊ ပန်ဆောင်မြို့အတွင်း ၅၀၀၇ ဧကကို စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)