လဟယ် ၁၂ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေကျပ် (၁၅၀ ဒသမ ၉၈၉)သန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ လဟယ်-လေရှီးမြို့နယ်ချင်းဆက် လမ်း (၂၂၅/၄)မိုင်အနက် မြေလမ်း(၃/၀)မိုင်ဖောက်လုပ်နေမှုအား ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဒေသအဆင့် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ အပါအဝင် ယမန်နေ့က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း (၂၂၅/၄)မိုင်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေ၊ အိန္ဒိယနိုင်ငံ အထောက်အပံ့ရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အထိ (၁၇၇/၂) မိုင်ဖောက်လုပ်ပြီးစီး၍ (၄၈/၂) မိုင်ဖောက်လုပ် ရန်ကျန်ရှိပြီး ကျန်ရှိမှုအား ဘဏ္ဍာနှစ်များအလိုက် ရန်ပုံငွေများလျာထား၍ ဆက်လက် ဖောက်လုပ် သွားမည်ဖြစ်ပါသည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာ(၂၉)ရွာ၊ အိမ်ခြေ (၂၀၁၅)လုံး၊ လူဦးရေ (၁၀၉၉၃)ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး၊လူမှုရေး အကျိုးပြုကောင်းမွန်လာ မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
မွှေးကြူဇင်


