မောင်ကြော့ဦး
စာရေးသူသည် ဒီဇင်ဘာ ၁၉၇ဝ ပြည့်နှစ်မှ မေ ၁၉၈၉ အထိ နှစ် ၂ဝ နီးပါး စစ်ကိုင်းတိုင်းဒေသကြီး ခ္တီးခရိုင် နာဂတောင်တန်းဒေသတွင် ပညာအုပ်(နောင်အခါ လက်ထောက်မြို့နယ်ပညာရေးမှူး)တာဝန်ထမ်းဆောင်ခဲ့စဉ် နာဂလူမျိုးစုတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ရိုးရာပွဲများနှင့် ရိုးရာတေးများကို ဆည်းပူးလေ့လာ မှတ်တမ်းတင်ခွင့်ရခဲ့သည်။ ဟံသာဝတီ (အချပ်ပို)၊ ရတနာပုံ နေ့စဉ်၊ ရှုမဝ၊ ငွေတာရီ၊ မြန်မာတိုင်းမ်နှင့် အတွေးအမြင်တို့တွင် နာဂရိုးရာ ယဉ်ကျေးမှုနှင့် ဘဝဓလေ့ဆောင်းပါးများ ရေးသားခဲ့သည်။ ယခုတစ်ဖန် စာရေးသူ၏ မူပိုင် မှတ်တမ်းများထဲမှ သင့်နိုးရာရွေးကောက်လျက် တောင်ပေါ်သားနာဂလူမျိုးစု (NagaHill-tribes)တို့၏ ရိုးရာတေးအမျိုးအစားများနှင့် ရိုးရာတေးဖွဲ့သီပုံ စနစ်ကို တင်ပြလိုက်ရပါသည်။
စာရေးသူ တာဝန်ထမ်းဆောင်ခဲ့သော ခ္တီးခရိုင် နာဂဒေသမြို့နယ်များ မှာ လေရှီးမြို့နယ်၊ ခ္တီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့ဖြစ်သည်။ လေရှီးမြို့နယ် တွင် စကားမတူသော နာဂလူမျိုးစု လေးမျိုး၊ ခ္တီးမြို့နယ်တွင်နာဂလူမျိုးစု ၁၁ မျိုး၊ လဟယ်မြို့နယ်တွင် နာဂလူမျိုးစု ၁၄ မျိုးနှင့် နန်းယွန်းမြို့နယ်တွင် နာဂ လူမျိုးစု ၃၅ မျိုးရှိသည်ဟု မှတ်သားခဲ့ရသည်။ နန်းယွန်းမြို့နယ်မှ နာဂလူမျိုးစု များမှာ ဟေမြဲစကားကိုပြောကြားသဖြင့် ဟိုင်းမြေနာဂဟု ပေါင်းရုံး၍ ခေါ်ပြော ရေးသားကြသည်။
နာဂရိုးရာတေးအမျိုးအမည်များကို ခ္တီး၊ လဟယ်မြို့နယ်နှစ်ခုတွင် နေထိုင်ကြသော လိုင်းနောင်နာဂစကားဖြင့် မှတ်သားခွင့်ရခဲ့သည်။ နဂရိုးရာ တေးအမျိုးအမည်များမှာ -
၁။ ယွေညူ = သီချင်းကြီး၊ သီချင်းခန့်၊ ရှေးသီချင်း၊ သမိုင်းမော်ကွန်း သီချင်း (နှစ်သစ်ကူးပွဲတော်၌ သီဆိုကြသည်။)
၂။ ယွေနိုက် = အပျို၊ လူပျို အပြိုင်ဆိုတေးသီချင်းများ (မိဘမောင်ဖား ရှေ့တွင် သီဆိုလေ့မရှိပါ။)
၃။ ဘောင်ယွေ = စစ်အောင်ပွဲသီချင်း (စစ်အောင်ပွဲ၊ ကျားရပွဲ၊ ပန်းတုံး မောင်းဆွဲပွဲတို့၌ သံပြိုင်သီဆိုကြသည်။)
၄။ ဒမ်ယွေ =လက်တန်းအပျော်ဆိုတေး (ခေါင်ရည်ဝိုင်းသီချင်း၊ အကသီချင်းမျိုး)
၅။ မိုက်ညူယွေညူ = အမျိုးသမီးတို့လုပ်ငန်းခွင် သီချင်း (စပါးသိမ်း၊ ဗိုင်းငင်စသည်)
၆။ ကျောက်ကွေလိဟို = ကောက်စိုက်သီချင်း
၇။ ယမ်ငိုင်းယူကိုင် = မုန့်ထောင်းသီချင်း
၈။ ဆိုင်ဆိုင် = ဆင့်ပွားအနက် အဓိပ္ပာယ် ရှိသော လင်္ကာ(အချင်းချင်း သတိပေးစရာရှိလျှင် ဆိုင်ဆိုင်လင်္ကာ စကားဝှက်ကို သုံးလေ့ရှိသည်။)
၉။ အူငေါင်းယွီ = သေဆုံးသူအတွက် မှာတမ်း သီချင်း(မှာတမ်းသီချင်းကို လွမ်းလွမ်း ဆွေးဆွေး ဆွဲဆွဲငင်ငင်သီဆိုလေ့ရှိသည်။)
၁ဝ။ နော်ချင်း = သားချော့တေး(နော်ချင်း ဆိုသော စကားမှာ ဟိုင်းမြေနာဂစကားဖြစ်သည်။ နော်=ကလေး၊ ချင်း=ချော့သည်။)
နာဂရိုးရာ သားချော့တေးဖွဲ့သီပုံ
နမူနာ(၁) လကျီးမီနာဂ သားချော့တေး
အပီ-မောလယ်-အေ...၊
အပူ-မောလယ်-အေ...၊
ရှာယောလိ-လေဆာ...၊
အီဟီး အီဟီး အီ...။၏
(အပီ=အမေ၊ အပူ=အဖေ)
မိဘမဲ့ ရင်သွေးရတနာ (ဘာသာပြန်)
ကလေးမှာ အမေလည်းမရှိဘူး၊
အဖေလည်း မရှိဘူးကွယ်။
အမေ မရှိရှာတဲ့
ကြက်ပေါက်ကလေးပမာပါပဲ။
(လကျီးမီနာဂသားချော့တေး)
ဖော်ပြပါ သားချော့တေးကဗျာတိုလေးနှင့် ပတ်သက် ၍ သမိုင်းခြေရာကောက်ကြည့်လေသော် ခ္တီးခရိုင် လေရှီးမြို့နယ်တွင် (၁)ဝါဟီရား၊ (၂)အယခါရား၊ (၃) ပီရားနာဂ လူမျိုးစုတို့ ရှေးဦးစွာအခြေချနေထိုင်ခဲ့ပြီး ၄င်းရှေးခေတ် နာဂလူမျိုးစုများ လူမျိုးပျောက်သုဉ်းသွားပြီးနောက် (၁) လကျီးမီနာဂ၊ (၂) ရှပ်ပူရာနာဂလူမျိုးစုတို့ ဒုတိယအသုတ် ဝင်ရောက်နေထိုင်ခဲ့သည်။ ၄င်းလူမျိုးစု နှစ်ခုသည် ဆောင်းရာသီနှင်းခဲသော နယ်စပ်ဒေသမှ ပူအိုက်စွတ်စိုသော ချင်းတွင်းမြစ်အနီး ထမံသီတိုက်နယ်ထိ တရွေ့ရွေ့ဆင်းကာ နောက်ကလပ်ရွာ၌ စုပေါင်းနေထိုင်ခဲ့ကြ သည်။ ဖျားနာသေဆုံးမှုများခြင်း၊ အခြားလူမျိုးစုနှင့် သွေးနှောခြင်းကြောင့် ၄င်းနာဂလူမျိုးစုနှစ်ခု ပျောက်သုဉ်း ခဲ့သည်မှာ နှစ် ၁ဝဝ ကျော်ခဲ့ပေပြီ။ လကျီးမီနာဂ၊ ရှပ်ပူရာနာဂတို့၏ ရိုးရာ ဝတ်ဆင်ပုံ၊ ပရဲထိုးပုံ၊ ကကြိုး ကကွက်နှင့် ရိုးရာတေးသီးချင်းများသည် တတိယအသုတ် ဝင်ရောက်ခဲ့ပြီး ယခုမှီတင်းနေထိုင်လျက်ရှိသော ကူကီးနာဂ၊ ပါရာနာဂနှင့် မကိုရီနာဂလူမျိုးစု ကျေးရွာအချို့ တွင် ယဉ်ကျေးမှုသက်ရောက် ကျန်ရှိနေခဲ့သည်။ စာရေးသူ သည် လူမျိုးပျောက်သုဉ်းခဲ့ပြီဖြစ်သော လကျီးမီနာဂ သားချော့တေးကို လေရှီးမြို့နယ် ကြဲကော့ရွာဇာတိ မကိုရီနာဂကျောင်းဆရာ ဦးလယ်ဟော်ထံမှ ရရှိခဲ့ပါသည်။
နမူနာ (၁) လကျီးမီနာဂ သားချော့တေးမှ ရှေးခေတ် နာဂစကား၊ ဘဝသွင်ပြင်၊ တေးကဗျာဖွဲ့ဆိုမှုစွမ်းရည်နှင့် တေးချင်းအလှ ရသအဆင့်အတန်းတို့ကို သုတေသီတို့ လေ့လာအကဲဖြတ်ခွင့်ရနိုင်ပါသည်။
နမူနာ (၂) မကိုရီနာဂ လုပ်ငန်းခွင်တေး
(၁) ဟို x x x ဟိုး x x x ၊
(၂) ထညာ x x x နေငိုသယ် x x x ၊
(၃) စီခ x x x နေငိုသယ် x x x ၊
(၄) အဗွိုင်း x x x ကဲ့ မဗွိုင်း x x x ၊
(၅) ခဗွိုင်း x x x ဆို လက်ဆဲ x x x ၊
(၆) လေညာ x x x ပွက်လက်ဆဲ x x x ၊
(၇) ဗွိုင်းအာ x x x မ ဗွိုင်းခဲ x x x ။
ကောက်သိမ်းတေး (မြန်မာပြန်)
(၁) လုပ်ငန်းစကြပါစို့၊
(၂) စပါးတွေ တင်းငါးဆယ် မရမချင်း၊
(၃) စပါးတွေ တင်းတစ်ရာ မရမချင်း၊
(၄) ထမ်းလည်း မထမ်းတော့ဘူး၊
(၅) စပါးတွေ နှင်းခဲလို ကျပါစေ၊
(၆) စပါးတွေ သဲပုံလို ပုံပါစေ၊
(၇) စပါးတွေထမ်းလို့ မကုန်နိုင်အောင်ရပါစေ၊
ဖော်ပြပါ မကိုရီနာဂ ကောက်သိမ်းတေးမှ မကိုရီနာဂ စကားနှင့် သဒ္ဒါသဘော၊ တေးကဗျာဖွဲ့စည်းပုံ၊ ကဗျာ၏ အသက်(အနက်အဓိပ္ပာယ်) အပြင် တောင်ပေါ်သား နာဂ လူမျိုးစုတို့အတွက် အသက်တမျှလိုအပ် အရေးကြီးလှ သော စပါးအောင်ပွဲ၊ ဆန္ဒ၊ မျှော်လင့်ချက်တို့ကို လေ့လာ ခွင့် ရနိုင်ပါသည်။
လေရှီးမြို့နယ်တွင် ယခုမှီတင်းနေထိုင်လျက်ရှိသော တန်ကွန်နာဂ (တန်ခူးလ်နာဂ)၊ မကိုရီနာဂ၊ ကူကီးနာဂ လူမျိုးစုများသည် အိန္ဒိယဘက်၌လည်း လူမျိုးတူ၊ စကားတူ ရှိပါသည်။ သို့ရာတွင် တစ်ဖက်နိုင်ငံရှိ နာဂလူမျိုးစုများတွင် ပြင်ပက္ဘာမှ အခြားယဉ်ကျေးမှုသစ်များ သြဇာ သက်ရောက်မှုပိုများသဖြင့် နာဂလူမျိုးစုတို့၏ ရိုးရာ ယဉ်ကျေးမှုနှင့် တေးကဗျာများကို လေ့လာလိုပါက အမိမြန်မာပြည်ပိုင်နက်တွင် မှီတင်းနေထိုင်ကြသော နာဂကျေးရွာများတွင် မှတ်တမ်းတင်လေ့လာရန် အခွင့် အလမ်း ပိုမိုရရှိနိုင်သည်ဟု ထင်မြင်ယူဆရပါသည်။
နမူနာ (၃) နောက်အော်နာဂ အပျို လူပျိုတေး
(က) ပန်ဆဲအဆပ် (ပ) ဆို့ x x ဝိုင်ဇန် (က) ဆန်း (က) ဇီလို့၊
(ခ) ဆောင်း (မ)ညူအဆပ် (ပ) ဆို့ထ x x ပြားရှင် (က) ရှင်း (က) ဇီလို့။
(မြန်မာပြန်)
အပျို - ရှင်တို့ယောကျာ်းပျိုများဟာ အိပ်ရာထ နောက်ကျလို့ နှီးဖျာရက်တာ မမြင်ရပါလား။
လူပျို - မင်းတို့မိန်းကလေးများဟာ အိပ်ရာကမနိုးတဲ့ အတွက် ချည်ငင်သံမကြားရပါလား။
(က) ဝေပွန်ဆို့မီလိုင် x x x ဝေဆုတ် ဆို့သသိုင်၊
( ခ) ဝေဆုတ် ဆို့မီလိုင် x x x ဝေပွန် ဆို့သသိုင်။
(မြန်မာပြန်)
(က)အပျို - ကြက်ဖလှလှက ကြက်မကို ခေါ်သလိုပါပဲ (ရှင်တို့ယောကျာ်းပျိုများဟာ ကျွန်မတို့နားမှာ လှည့်ပတ် နေတာပါပဲလား)
(ခ)လူပျို - ကြက်မလှလှနောက်ကို ကြက်ဖလိုက် သလိုပေါ့ (လူပျိုတွေဟာလည်း အပျိုနောက်ကို လိုက်ကြ တာပဲပေါ့)။
(က)လန်ညူ ငန်ငိုတန်x x x ဖိုင်(န)တွီ ကော်ယာကမ်း(မ)၊
(ခ)လန်ညူ ငန်ဖီအိုး x x x ဖိုင် (န) တွီ ကော်ယာအိုး။
(မြန်မာပြန်)
(က) လူပျို- ငါးတွေဟာ ရေကြီးတဲ့အခါ မြစ်ညာဆီသို့ အသီးသီးဆန်တက်သွားကြပါတယ်။ ဒါပေမယ့် နွေပေါက် လို့ ရေခန်းရင်တော့ အိုင်ကြီးထဲမှာပဲ လာစုနေကြတယ် မဟုတ်လား(လူတွေအားလုံး ရွာသိမ်ရွာငယ်ကလေးတွေ မှာ သွားလို့နေကြပေမယ့် အချိန်တန်ရင် မိမိဇာတိချက်မြှုပ် ဒေသမှာ ပြန်စုနေကြတာပဲမဟုတ်လား)။
(ခ) အပျို - သင်တို့ယောကျာ်းသားများဟာ ကျီးကန်း နှင့်စွန်ရဲကို ထိုးသုတ်မောင်းနှင်ကြတဲ့ ငှက်တော်နှင့်တူပါ တယ် (လူသားတိုင်းဟာ မိမိချက်မြှုပ်ရွာမှာပဲ ပျော်ပိုက်လို့ မာန်ဝင်နေကြတယ်)။
ဖော်ပြပါ နောက်အော်နာဂ အပျို၊ လူပျို အချီအချ တေးကို ၁၉၇၄ ခန့်က စစ်ကိုင်းတိုင်း ခ္တီးမြို့နယ် လိုက်ခေါ် ရွာမှ ရရှိခဲ့ပါသည်။ နောက်အော်နာဂလူမျိုးစုသည် မြန်မာပြည်ဘက်၌ ခ္တီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့၌ မှီတင်းနေထိုင်ကြသည်။ အိန္ဒိယဘက်၌ စကားတူလူမျိုးတူ ခင်(မ) ငန်နာဂ (Khemnagan Naga)ဟူ၍ ရှိပြီး နာဂစာပေတီထွင်ကာ ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ် အသုံးပြုကြသည်။ ယခုဖော်ပြသော နောက်အော်နာဂ အပျို၊ လူပျိုတေးမှာ စာပေမရှိမီ ရှေးကပင် ဖွဲ့စပ်သီဆိုခဲ့ သော ရိုးရာတေးဖြစ်သည်။ ရှေးက နာဂစာပေမရှိခဲ့စေကာမူ စကားရှိလျှင် တေးကဗျာရှိမည်။ စကားလှလျှင် တေးကဗျာ လှမည်။ စကားကြွယ်မည်သာ။
နောက်အော်နာဂ အပျို၊ လူပျိုတေးတွင် စည်းစနစ် ကျနသေသပ်လှပသော တေးကဗျာဖွဲ့စည်းပုံ၊ စကား ဥပမာ၊ အလင်္ကာစကားဝှက်များ သုံးပုံ၊ လက်တန်းတေး ကဗျာစပ်ဆိုမှု စွမ်းရည်ထက်မြက်ပုံ၊ တေးကဗျာအလှရသ ဂုဏ်အဆင့်အတန်း မြင့်မားပုံ၊ အညာကျေးလက် ကောက်စိုက်တေးများဖွဲ့ဆိုပုံ နည်းစနစ်အောက် မနိမ့်ကျ၊ တေးကဗျာဂုဏ်ရည်ချင်း နှိုင်းယှဉ်နိုင်ပုံတို့ကို အံ့ချီးဖွယ် လေ့လာသိရှိရပါသည်။ ဤနာဂရိုးရာ အပျို၊ လူပျိုတေးကို နာဂအဘိုးအိုတစ်ဦးက နှီးဖျာရက်ရင်း စာရေးသူအား သီဆိုပြခဲ့သည်ကို နောက်အော်နာဂကျောင်းဆရာ ဦးကံထောင်(ယခုကွယ်လွန်ရှာပြီ)က မြန်မာပြန်ဆိုရှင်းပြ ပေးခဲ့သည်။
ရည်ညွှန်း
၁။ ကြော့ဦး၊ မောင်။ ''မကိုရီနာဂ တောင်ယာတေးများ''၊ ရှုမဝ(ဇွန် ၁၉၇၄)။
၂။ ကြော့ဦး၊ မောင်။ ''နောက်အော်နာဂ အပျို၊ လူပျိုတေးများ''၊ ရှုမဝ (ဒီဇင်ဘာ ၁၉၇၄)။
၃။ ကြော့ဦး၊ မောင်။ ''ခ္တီးခရိုင် ရှေ့ဆောင်နာဂလူမျိုးစုများ နှင့် သမိုင်းခြေရာ''၊ အတွေးအမြင် (ဇန်နဝါရီ ၂ဝဝ၂)။
၄။ ကြော့ဦး၊ မောင်။ ''နာဂတောင်ပေါ်မြေမှ လူပျိုလှည့် တေးများ''၊ မြန်မာတိုင်း(မ်)ဂျာနယ်၊ အချပ်ပို (၂၇-၉-၂ဝဝ၂)။
