ရန်ကုန် ၁၂ ဇန်နဝါရီ 


နာဂလူမျိုးများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ ယုဒဿန်ရိပ်သာ၌ ကျင်းပခဲ့ပြီး နာဂရိုးရာယဉ်ကျေးမှု ရန်ကုန်မြို့နယ်ခွဲ ကော်မတီဥက္ကဋ္ဌ ဒေါ်ရိခေါသေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ 


ထို့နောက် အတွင်းရေးမှူး ဦးဘန်လန်က နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို တင်ပြခဲ့ပြီး နာဂနှစ်ခြင်းခရစ်ယာန် အသင်းတော် (ရန်ကုန်) နာယက သိက္ခာတော်ရ ဆရာဒေါက်တာစိန်မောင်က နှစ်သစ်ကူးသြဝါဒစကား ပြောကြားကာ ဘာသာစကားနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းမှ ဆရာ Natan က တိုက်တွန်းနှိုးဆော်စကား ပြောကြားခဲ့သည်။ 


“ရန်ကုန်မှာ ကျင်းပလာတာတော့ ၁၀ နှစ်ကျော်ပြီပေါ့။ နေရာတော့ အတည်တကျ မရှိသေးပါဘူး။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နာဂလူမျိုးတွေစုပြီး ကျင်းပဖြစ်တာပါ။ ကိုယ့်ရဲ့နှစ်သစ်ကူးလဲဖြစ်တယ်။ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကိုယ်မှတ်မိသလောက် သိသလောက် ထိန်းသိမ်းစောင့်ရှောက်ဖို့ အခုလို ကျင်းပဖြစ်တာပါ” ဟု ရိုးရာစာပေနှင့်ယဉ်ကျေးမှု ရန်ကုန်မြို့နယ်ခွဲ ဥက္ကဋ္ဌ ဒေါ်ရိခေါ်သေးက ပြောသည်။


နာဂလူမျိုးများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်သည် ဇန်နဝါရီ ၁၅ ရက်ဖြစ်သော်လည်း ကျောင်းသား ကျောင်းသူများနှင့် အလုပ်ခွင် ဝင်ရောက်နေသူများ၏ အားလပ်ရက်ကို ရွေးချယ်၍ ယခုကဲ့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ရန်ကုန်မြို့ ယုဒဿန်ရိပ်သာတွင် ယနေ့ကျင်းပသော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် တန်ကွန်မျိုးနွယ်စု ရိုးရာအက၊ All nation Theology Seminary ကျမ်းစာကျောင်းမှ ကိုညတ်မျိုးနွယ်စုသီချင်း၊ မကူရီမျိုးနွယ်စု ရိုးရာအက၊ ဘဝတက္ကသိုလ် ဘော်ဒါဆောင်ဆရာများမှ နာဂရိုးရာတေးသီချင်း၊ Rhema Bible College ကျောင်းသူများမှ နာဂရိုးရာသီချင်း၊ စာရာမေရိဂေဟာ(၂)မှ ကျောင်းသား ကျောင်းသူများ၏ နာဂရိုးရာအက စသော နာဂလူမျိုးများ၏ ရိုးရာတေးသီချင်းများ၊ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့သည်။


ယနေ့ကျင်းပသော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နာဂလူမျိုးများ၏ အစားအသောက်များကို ရောင်းချခြင်း၊ နာဂရိုးရာ လက်မှုအလှပစ္စည်း အလှပုတီး၊ လက်ကောက်၊ လည်ဆွဲ စသော အသုံးအဆောင် လက်မှုပစ္စည်းများကို ရောင်းချပေးခဲ့သည်။ 

 
ထို့ပြင် နာဂလူမျိုးများ၏ အဓိကနှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး 

 

ာိည