လေရှီး ၁၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ကျင်းပမည့် ၂ဝ၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့် နာဂ မျိုးနွယ်စုများ နေထိုင်သည့် ရိုးရာနေအိမ်များကို သွားရောက်လေ့လာနိုင်ကြောင်း နာဂရိုးရာ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်၏ ပြောကြားချက်အရ သိရသည်။
''နာဂလူမျိုးစုတွေရဲ့ ရိုးရာအိမ်တွေမှာ ဘယ်လိုအသုံးအဆောင်တွေနဲ့ ဘယ်လိုပုံစံမျိုးတွေ နေထိုင်တယ်ဆိုတာကို ခရီးသွားပြည်သူတွေ သိရှိခံစားနိုင်အောင် သူတို့တွေရဲ့ နေထိုင်မှုပုံစံတွေကို လက်တွေ့လေ့လာနိုင်အောင်လို့ ပြရုပ်တစ်ခုအနေနဲ့ ဆောက်လုပ်ထားတာပါ၊ ပြခန်းအနေနဲ့ အသုံးပြုပြီးတဲ့ နောက်ပိုင်းမှာ ရိုးရာအိမ်တွေကို မျိုးနွယ်စုအလိုက် ဆက်လက်နေထိုင်ပြီး ထိန်းသိမ်းသွားမှာပါ'' ဟု နာဂရိုးရာ ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောသည်။

နာဂနှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီးသည့်နောက်ပိုင်း နာဂတိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော တန်ကွန်၊ မကူရီ၊ ပါရာ၊ ကိုကာ့၊ လောင်ဖူးရီ၊ ခရမ်ညူငန် စသည့် မျိုးနွယ်စု (၆)စု၏ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဒီအိမ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ အမြဲတမ်းနေထိုင်သွားမည်ဖြစ်ပြီး လေရှီးမြို့နယ်သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့် နာဂလူမျိုးစုများ၏ အလေ့အထကို လေ့လာမည်ဆိုပါက မျိုးနွယ်စုများနှင့်အတူ တည်းခိုနေထိုင်ပြီး တစ်စုတစ်စည်းတည်း လေ့လာနိုင်စေရန် စီစဉ်ပေးထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)