ရွှေဘို ၂၅ မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့အတွင်းရှိ ပြည်သူများ နှာခေါင်းစည်းများ သုံးစွဲရာတွင် ငွေကြေး အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ် လမ်းဆုံတွင် နှာခေါင်းစည်းများ ထည့်ထားသည့် Mask Box သုံးခု  ထားရှိထားကြောင်း ကျောက်မြောင်းမြို့ စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးသန့်သူအောင် က ပြောသည်။

 

ကျောက်မြောင်းမြို့လယ်ရှိ ရွှေဘို-စဉ့်ကူး-ကျောက်မြောင်း လမ်းဆုံတွင် ယနေ့မှ စတင်ကာ Mask Box သုံးခု ထားရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ Mask Box များအတွင်း မြို့နေပြည်သူများမှ လှူဒါန်းသည့် နှာခေါင်းစည်း အခုရေ ၃၀၀ ထည့်ထားပြီး မည်သူမဆို အခမဲ့ရယူနိုင်သည်။ Mask Box အတွင်း စည်ပင်သာယာဌာနမှ ဦးဆောင်ပြီး နှာခေါင်းစည်းများ ထည့်ထားမှုကို ယနေ့မှစတင်ကာ ၁၀ ရက်အကြာအထိ ထည့်ထားမည်ဖြစ်ပြီး နှာခေါင်းစည်း အခုရေ ၁၀၀၀ အထိ ထည့်ထားမည်ဖြစ်ကြောင်း သိရသည်။

 

“နှာခေါင်းစည်း ဝယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ရှိသူတွေ အဆင်ပြေအောင် အလွယ်တကူ ယူလို့ရတဲ့နေရာမှာ ထားပေးတာပါ”ဟု အမှုဆောင်အရာရှိ ဦးသန့်သူအောင် က ပြောသည်။

 

ကျောက်မြောင်းမြို့တွင် အိမ်ခြေ ၂၀၀၀ ကျော် ရှိပြီး  ယခုလအတွင်း နှာခေါင်းစည်း အခုရေ တစ်သောင်းခန့် ဝေပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ ခရီးသွား ပြည်သူများ အခက်အခဲမရှိ အသုံးပြုနိုင်ရေး Mask Box များ ထားရှိခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ ၂၂ ရက်မှ စတင်ကာ အိမ်အပြင်ထွက်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး နှာခေါင်းစည်း မတပ်ဘဲ သွားလာကြသည်ကို တွေ့ရှိက တရားရုံးတွင် တရားစွဲဆို ဒဏ်ရိုက်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

 

ထွန်းမြင့်အောင်(ရွှေဘို)