ကျွန်းစု ၉ ဇွန်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါကူးစက်မှုမှ ကာကွယ်သည့်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ သွားလာကြရန် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ထားပြီး နှာခေါင်းစည်း မတပ်ဆင်ဘဲ အပြင်သွားလာ နေသူများအား စစ်ဆေးဒဏ်ရိုက်ခြင်းကို ဇွန်လ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မဈေးရှေ့နှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေကြသူများအား ငွေ(၅၀ဝ၀)ကျပ်နှင့် ညီမျှသော နှာခေါင်းစည်းများ ဝယ်ယူစေခြင်း ပြစ်ဒဏ်ရိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့အဝင်အထွက် အမြန်ရေယာဉ်များ၌ ခရီးသွားပြည်သူများ နှာခေါင်းစည်းများ တပ်ဆင် သွားလာကြရန် အသိပညာပေးဗွီနိုင်းများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


