မင်းလှ ၂၀ မေ
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူ ဖြစ်စေရေးကိုရည်ရွယ်၍ မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း၌ နှာခေါင်းစည်း(Mask) မတပ်ဆင်သောဈေးရောင်းချသူနှင့် ဈေးဝယ်သူများကို ငွေကျပ်တစ်ထောင်နှုန်းဖြင့် နှာခေါင်းစည်း Mask (၂)ခု ဝယ်ယူရေးကို မေ ၂၀ ရက်နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးသိန်းကျော်နှင့် ဝန်ထမ်းများက ဈေးအတွင်းရှိဈေးရောင်းချသူနှင့် ဈေးဝယ်သူများ၌ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိ/မရှိနှင့် သတ်မှတ်အကွာအဝေးမှ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ/မရှိတို့ကို ကြပ်မတ်စစ်ဆေးပြီး၊ နှာခေါင်းစည်း(Mask)မတပ်ဆင်သူများကို ပထမအကြိမ် စီမံခန့်ခွဲရေး နည်းလမ်းဖြင့် အသိပညာပေးပြောကြားကာ ငွေကျပ်တစ်ထောင်နှုန်းဖြင့် နှာခေါင်းစည်း Mask (၂)ခုဝယ်ယူစေခြင်းဆောင်ရွက်ခဲ့ပြီး၊ မေလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဒုတိယအကြိမ်ကာလအတွင်း Mask ကို စနစ်တကျ လုံခြုံစွာတပ်ဆင်ခြင်းမရှိပါက ငွေကျပ်နှစ်ထောင်နှုန်းဖြင့် Mask (၂)ခု ဝယ်ယူရေးကို ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း၊ Mask စနစ်တကျလုံခြုံစွာတပ်ဆင်ခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)


