မကွေး ၁၃ စက်တင်ဘာ
မကွေးမြို့တွင်းသို့ မရောက်ခင် မြို့အဝင်နေရာများ၌ နှာခေါင်းစည်း အကာအကွယ် မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာသူများကို အသိပညာပေး၍ Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လုပ်ဆောင်ခဲ့ကြောင်း ပြည်သူမှ ပြည်သူသို့မျှဝေခြင်း အစီအစဉ်အဖွဲ့က သိရသည်။
မကွေးမြို့ နတ်မောက်လမ်း Danko ဆီဆိုင်အနီးနှင့် ကန်ပြားကျေးရွာအနီးတွင် ဆိုင်ကယ်များ၊ ကျေးလက်ဒေသကားများဖြင့် မကွေးမြို့တွင်းသို့ ဝင်ရောက်လာသူများကို Mask အခုရေ ၃၀၀၀ ကျော် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ အစီအစဉ်အနေနဲ့ အလှူရှင်တွေရဲ့ ပါဝင်မှုနဲ့ Mask တွေ အခမဲ့ဖြန့်ဝေတာ အခုရေသုံးသောင်းလောက်ထိ ရှိပါပြီ။ အခြားလှူဒါန်းမှုတွေလည်း အများကြီးပါ။ ပြည်သူတစ်ဦးအနေနဲ့ နိုင်ငံတော်ရဲ့ ပံပိုးမှုတွေကိုချည်း အားကိုးမနေဘဲ ကိုယ်နိုင်သမျှ ပါဝင်လုပ်ဆောင်နေတာပါ” ဟု ပြည်သူမှ ပြည်သူသို့မျှဝေခြင်း အစီအစဉ်အဖွဲ့ တည်ထောင်သူ ဦးနေမိုးဆွေကျော်က ပြောသည်။
Mask များမျှဝေခြင်း၊ အသိပညာပေးခြင်း၌ မကွေးခရိုင် ပြန်/ဆက်၊ မကွေးမြို့နယ် ဓမ္မကျောင်းတော်၊ ၈၈ ငြိမ်း/ပွင့်၊ မကွေး Book Club၊ Woman Club၊ ရွှေရောင်လက်များ ပရဟိတအဖွဲ့၊ ရင်ခွင်မဲ့ကလေး လျှော့ချရေးအဖွဲ့နှင့် မကွေးတက္ကသိုလ် ဆရာများသမဂ္ဂတို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)