မန္တလေး ၂၀ ဖေဖော်ဝါရီ
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် မန္တလေး နားမကြားသော ကလေးများကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အ.ထ.က (၃၄)ကျောင်းတွင် ကျောင်းတက်၍ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး၊ ပြင်ပဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ ၄ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
“ ဒီနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကလေးအားလုံးများ အားလုံးအတွက် စာစစ်ဌာနကို အ.ထ.က (၃၄)မှာပဲ ဖြေဆိုခွင့်ရပါတယ်။ ကလေးတွေ စာမေးပွဲဖြေတဲ့အခါမှာ ပထမဆုံး ၁၅ မိနစ်ကို မေးခွန်းကို လက်သင်္ကတေပြ ဘာသာစကားနဲ့ ကျွန်မတို့ကျောင်းက ဆရာမ ၃ ဦးကနေ ကလေးတွေကို ဖတ်ပြ ခွင့်ရရှိပါတယ်။ နောက်အချိန်ပိုနာရီဝက်လည်း ဖြေဆိုခွင့်ပေးထားပါတယ်။ ” ဟု နားမကြားသော ကလေးများကျောင်း (မန္တလေး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက ပြောသည်။
အဆိုပါ ကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ကြား နေသည့် နားမကြားသော ကျောင်းသားကျောင်းသူ ၂၂၈ ဦးရှိပြီး စာမေးပွဲဖြေဆိုမည့်သူ ၁၉၂ဦးရှိရာ စတုတ္တတန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူ ၁၈ ဦး၊ အဋ္ဌမတန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူ ၅ ဦးနှင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူ ၁၁ ဦးရှိသည်။
စတုတ္တတန်းစာမေးပွဲ ဖြေဆိုမည့်သူများအတွက် ပညာရေးဌာနမှ နားမကြားသော ကလေးများ ကျောင်းတွင် စာစစ်ဌာနတစ်ခုဖွင့်လှစ်၍ ဖြေဆိုမည်ဖြစ်ပြီး အဋ္ဌမတန်းစာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူများအတွက် ပညာသင်ယူနေသည့် အမှတ်(၃၄) အခြေခံပညာ အထက်တန်း ကျောင်းရှိ စာစစ်ဌာနတွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
“ ကျောင်းက ကလေးတွေ အများစုက ရှမ်းပြည်နယ် မုံရွာ မြစ်ကြီးနား ပခုက္ကူ မြန်မာပြည် အထက်ပိုင်းက ကလေးတွေ အများဆုံး ပညာသင်ကြားနေကြပါတယ်။ မွေးရာပါများ အသာဝါဖြစ်ပြီး သွေးလဲ လိုက်ရတာတို့၊ အပြင်းဖျားပြီးတော့ နားမကြား ဖြစ်သွားတာမျိုး စတဲ့ကလေးတွေများပါတယ် ” ဟု မန္တလေး နားမကြားသော ကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။
နားမကြားသော ကလေးများကျောင်း (မန္တလေး)တွင် အသက် ၆ နှစ်မှ ၁၈ နှစ်အတွင်း ကျန်းမာ သန်စွမ်းသည့် နားမကြားသော ကလေးကို လူမျိုးဘာသာ၊ ကျား၊မ မရွေး စောင့်ရှောက်ပြီး ကျောင်းပညာ ရေးအပြင် အသက်မွေး ဝမ်းကျောင်းပညာများဖြစ်သည့် အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ် သင်တန်း၊ ကွန်ပျူတာ စက်ပန်းထိုးသင်တန်းနှင့် စက်ကြီးပန်းထိုးသင်တန်းများ သင်ကြားပေးလျက် ရှိသည်။
“ တက္ကသိုလ်ဝင်တန်း ကလေးများအတွက် မန္တလေးနားမကြားသော ကလေးများကျောင်းက ဆရာ ဆရာမတွေက ဒီဘာသာရပ်အလိုက် လက်သင်္ကေတပြ ဘာသာစကားနဲ့ ဘာသာပြန်ပေးတယ်။ နောက်ပြင်ပကနေ ကျူရှင်ဆရာတွေ ခေါ်ပြီးတော့မှ အနီးကပ်သင်ကြားပေးမှုတွေ ဆောင်ရွက် ပေးနေပါတယ် ” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက ပြောသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် မတ်လတွင် ကျင်းပမည့် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ဖြေဆိုရန် လျှောက်ထားသူ ၁၃၃၄၁၅ ဦး ရှိကြောင်း၊ အကြားအာရုံ မသန်စွမ်းသူ ၁၁ ဦး၊ အမြင်အာရုံ ၉ ဦး စုစုပေါင်း ၂၀ ဖြေဆိုရန် လျှောက်ထားကြောင်းနှင့် မန္တလေးဗဟို အကျဉ်းထောင် စာစစ်ဌာနမှ ဖြေဆိုရန် လျှောက်ထားသူ ၈၂ ဦး ရှိကြောင်း သိရသည်။
တင်ဇာလှိုင်(ပြန်ဆက်)


