နာမည်ကျော် ဂိမ်းထုတ်လုပ်သည့် လုပ်ငန်း Razer မှ ပထမဆုံး ထုတ်လုပ်သည့် စမတ်ဖုန်းကို နိုဝင်ဘာ ၁ ရက်တွင် စတင်မြင်တွေ့ရဖွယ် ရှိနေ

စမတ်ဖုန်းဖြင့် ဂိမ်းကစားခြင်းကို နှစ်သက်သူများအတွက် အထူးရည်ရွယ် ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး လက်ရှိ ထွက်ပေါ်နေသည့် နည်းပညာဖြင့် စမတ်ဖုန်းများထက် အရည်အသွေးမနိမ့်ကျဘဲ တန်းတူ အသုံးပြုနိုင်ရန် ဖန်တီး ထုတ်လုပ်ပေးသွားမည်ဟု သိရသည်။ ရုပ်ထွက် အရည်အသွေးပိုင်းနှင့် အသံပိုင်းဆိုင်ရာ စနစ်များအတွက် အခြားစမတ်ဖုန်းနှင့် မတူညီသည့် စနစ်နှင့် လုပ်ဆောင်မှုများ ထည့်သွင်းပေးထားပြီး ထူးခြားသည့် ခံစားသက်ဝင်မှုများနှင့် အတွေ့အကြုံများ ပေးစွမ်းသွားနိုင်ဖွယ်ရှိသည်ဟု သိရသည်။


မျက်နှာပြင် ၅ ဒသမ ၇ လက်မ အကျယ်ဖြင့် ထွက်ပေါ်လာနိုင်ရန်ရှိပြီး 3D ရုပ်ထွက်များအတွက် ပိုမိုကောင်းမွန်သည့် အရည်အသွေးများ ရရှိလာနိုင်မည်ဟု သိရသည်။


RAM ပါဝင်မှု 8 GB အထိရှိသောကြောင့် ဂိမ်းကစားသူများအနေဖြင့် မည်သည့် ဂိမ်းမဆိုထည့်သွင်း ကစားနိုင်မည်ဖြစ်ကာ ဖုန်းအတွင်း သိုလှောင်သိမ်းဆည်းမှုအတွက် အနိမ့်ဆုံး 64 GB ဖြင့် ထွက်ရှိလာနိုင်မည်ဟု ခန့်မှန်းရပြီး ရုပ်ထွက် အရည်အသွေးပိုင်းအတွက် Qualcomm Adreno 540 ကို အသုံးပြု တပ်ဆင်ပေးထားမည်ဟု သိရသည်။


Android 7.11 လည်ပတ်မှုစနစ် ပါဝင်လာနိုင်ဖွယ်ရှိပြီး Qualcomm Snapdragon 835 ပရိုဆက်ဆာ တပ်ဆင် ပါဝင်မည်ဖြစ်ကာ ကင်မရာပိုင်းဆိုင်ရာများမှာ ကျောဘက်ကင်မရာ 12 MP နှင့် အရှေ့ဘက်ကင်မရာ 8 MP ပါဝင်နိုင်မည်ဟု သိရသည်။ ဈေးနှုန်းနှင့် အသေးစိတ် အချက်အလက်များကို အတိအကျ ကြေညာပေးထားခြင်းမျိုး မရှိသေးဘဲ မိတ်ဆက်ပွဲ ပြုလုပ်သည့်အချိန်မှ တရားဝင် ထုတ်ပြန် ကြေညာသွားမည်ဟု သိရသည်။


ALEX