ရန်ကုန် ၂၇ ဇူလိုင်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ နာမည်ကြီး ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ နိုင်ပွဲထပ်မံပျောက်ဆုံးပြီး သရေကျခဲ့သည်။


တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် Southern အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ နာမည်ကြီး ရှမ်းယူနိုက်တက်အသင်းအတွက် နောက်ထပ်အထိနာသည့် ပွဲဖြစ်ပြီး ချန်ပီယံဆုအတွက် ဖိအားပိုများသွားခဲ့သည်။ 


ဇူလိုင် ၂၈ ရက်တွင် ကစားမည့်ပွဲတွင် ထိပ်ဆုံးမှ ရန်ကုန်အသင်းသာ အနိုင်ရပါက အမှတ်ပိုပြတ်သွားမည့် အနေအထားပင်ဖြစ်သည်။ တန်းဆင်းဇုန် အန္တရာယ်ရှိနေသည့် Southern အသင်းမှာမူ အဝေးကွင်း၌ အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဆွမ်လမန်၊ ရဲရင့်ထွန်းနှင့် အီမန်နျူရယ်ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုကာ Southern အသင်းမှာမူ အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ ၂ မိနစ်တွင် ကောင်းစည်သူက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး Southern အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်း ရုန်းကန်ခဲ့ရသည်။ 


အိမ်ကွင်းဆက်တိုက် ကစားနေရသော်လည်း ကစားပုံ တည်ငြိမ်မှုမရှိသေးသည့် ရှမ်းယူနိုက်တက်အသင်းသည် ဂိုးစပေးလိုက်ရသောကြောင့် ရုန်းကန်ခဲ့ရပြီး ၄၂ မိနစ်မှ ဂိုးပြန်ရကာ အီမန်နျူရယ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဂိုးထပ်ရရန် တိုက်စစ်မြင့်သလို Southern အသင်းကလည်း ဂိုးမပေးရရန် ခံစစ်အားပြုကစားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း ဂိုးသွင်းခွင့်များရသော်လည်း အသုံးမချနိုင်၍ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။


ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ချန်ပီယံမျှော်လင့်ချက်အတွက် အမှတ်ပြည့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၂၁၊ ၈၉ မိနစ်တွင် ဆာဆက်၊ ၆၄ မိနစ်တွင် အောင်ကောင်းမာန်တို့က သွင်းယူပြီး ဇွဲကပင်အတွက် ချေပဂိုးကို ၉၀+၂ မိနစ်တွင် အောင်ဇင်ဖြိုးက သွင်းယူသည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက Chinland အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မကွေးအသင်းကို ဖိအားလျော့စေသည့်ပွဲဖြစ်ပြီး တန်းဆင်းဇုန်မှလွတ်ရန် အခြေအနေကောင်းသွားခဲ့သည်။ မကွေးအသင်းအတွက် အနိုင်ဂိုးကို ၅၂ မိနစ်တွင် ဇင်မင်းထွန်းက သွင်းယူခဲ့သည်။ 


ဒုတိယနေ့ကို ဇူလိုင် ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မုံရွာကွင်း၌ စစ်ကိုင်းနှင့် ရန်ကုန်၊ မန္တလာသီရိကွင်း၌ ရတနာပုံနှင့် ရခိုင်၊ သုဝဏ္ဏကွင်း၌ ဒဂုံနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်