ရန်ကုန် ၂၆ ဒီဇင်ဘာ

ရန်ကုန်မြို့တွင် အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ သွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် မြို့ပြအင်္ဂါနှင့်အညီ လှပခေတ်မီစေရန် လူကူးခုံးကျော်တံတားများကို နိုင်ငံတော်မှ တည်ဆောက်လျက်ရှိရာ ကမာရွတ်မြို့နယ်၊ ကမာရွတ်ရဲစခန်း လမ်းဆုံဖြစ်သော နာနတ်တော-ဘုရင့်နောင် လေးလမ်းဆုံ မီးပွိုင့်တွင် လူကူးခုံးကျော်တံတား တည်ဆောက်လျက်ရှိပြီး (၉၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းဆုံသည် ဘုရင့်နောင်လမ်း၊ လှည်းတန်းလမ်း၊ နာနတ်တောလမ်းနှင့် အောက်ကြည့်မြင်တိုင် လမ်းများဆုံသည့် နေရာဖြစ်သည့်အပြင် ရဲစခန်း၊ စာသင်ကျောင်း၊ စာသင်တိုက်၊ ဆေးရုံနှင့် ဆင်မလိုက်ဈေးသို့ ဖြတ်သန်းသွားလာရာ နေရာဖြစ်သည်။ ယာဉ်များဖြတ်သန်းရာလမ်းဆုံဖြစ်ပြီး ယာဉ်အန္တရာယ်ရှိသော နေရာဖြစ်သည့်အတွက် လူကူးခုံးကျော်တံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 


မြေနေရာအခက်အခဲများကြားမှ တည်ဆောက်ရာ၌ လှပသေသပ်စွာ တည်ဆောက်မှုဖြင့် မကြာမီအချိန်အတွင်း အများပြည်သူ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။

“ရန်ကုန်မြို့က လမ်းဆုံမီးပွိုင့်တွေ တည်ဆောက်တဲ့အခါမှာ ဒီနေရာဟာ အခက်အခဲဆုံးလို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ တည်ဆောက်လိုတဲ့ မြေနေရာအကျယ်အဝန်းကို မရတဲ့အတွက် ဒီဇိုင်းဆွဲတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ပုံစံမျိုးကို စဉ်းစားပြီး လုပ်ဆောင်ရတယ်။ ပထမက လှေကားလေးစင်း၊ စက်လှေကားလေးစင်း ထည့်မယ်လို့ မှန်းထားတာ။ ဆေးရုံဘက်ခြမ်း (ဂရင်းဟံသာဆေးရုံ) က မြေနေရာမရတဲ့အတွက် ရိုးရိုးလှေကားတပ်ဆင်ပြီး ကျန်တဲ့နေရာသုံးခုကို စက်လှေကား တပ်ဆင်ခဲ့ပါတယ်။ ရဲစခန်းဘက်ခြမ်းက လှေကားဟာလည်း မြေနေရာမရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး စက်လှေကားကို တပ်ဆင်နိုင်ခဲ့တယ်။ ဒီလမ်းဆုံဟာ ယာဉ်တွေ နေ့ညဖြတ်သန်းပြီး ကွန်တိန်နာသွားတဲ့လမ်း ဖြစ်တာကြောင့် အချိန်ယူပြီး အခက်အခဲတွေကြားက ဆောင်ရွက်ရတာပါ။ တံတားတည်ဆောက်ဖို့ စတင်ချိန်မှာ မြေအောက်ကရေပိုက်လိုင်း၊ ဓာတ်အားလိုင်း၊ မြေအောက်ကေဘယ်လ်ကြိုးတွေကို နှစ်လခွဲကြာ ရှင်းလင်းရတယ်။ အခုခိုင်မာစွာနဲ့ တည်ဆောက်ပြီးလို့ ချီးကျူးသံတွေ ကြားရတာ ကျွန်တော်တို့ရဲ့ စေတနာကို အသိအမှတ်ပြုတာ ဖြစ်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ လွတ်လပ်ရေးနေ့မှာ ဖွင့်နိုင်ဖို့ကြိုးစားနေပါတယ်” ဟု ခုံးကျော်တံတား တည်ဆောင်မှု တာဝန်ခံအင်ဂျင်နီယာ ဦးကိုကိုမောင်က ပြောသည်။

လူကူးခုံးကျော်တံတား အောက်ဘက် ကြက်လျှာစွန်းနေရာ၌ လှေကားလေးစင်းတွင် တပ်ဆင်ထားသော CCTV ကင်မရာအလုံး (၂၀)နှင့် လျှပ်စစ်စက်လှေကား သုံးခုအတွက် ထိန်းချုပ်စင်တာကို တည်ဆောက်ထားရာ  ရန်ကုန်မြို့တွင် တည်ဆောက်ထားသော လူကူးခုံးကျော်တံတားများတွင် ယခုခုံးကျော်တံတားမှာ ဒီဇိုင်းပုံစံဆန်းသစ်ပြီး ခေတ်မီစွာတည်ဆောက်ထားသော လူကူးခုံးကျော်တံတားတစ်စင်း ဖြစ်သည်။

ကားလမ်းလေးခုဆုံသော နေရာပေါ်တွင် တည်ဆောက်ထားသော လူကူးခုံးကျော်တံတားမှာ (၅၂၅) ပေ (၁၁) ပေရှည်လျားပြီး ယာဉ်ကင်းလွတ်အမြင့်မှာ (၂၀)ပေရှိသည်။ တံတားလျှောက်လမ်း အကျယ်မှာ (၁၁)ပေရှိ၍ ကြွေပြားခင်းထားသော အကျယ်မှာ (၉)ပေခွဲရှိကာ စက်လှေကားသုံးစင်းနှင့် ရိုးရိုးလှေကားတစ်စင်းဖြင့် လှေကားလေးစင်းပါရှိသည်။ လူကူးခုံးကျော်တံတားကြီး မြန်ဆန်စွာပြီးစီးရန် တည်ဆောက်လျက်ရှိပြီး တံတားမျက်နှာကျက် တပ်ဆင်ခြင်းလုပ်ငန်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်းနှင့် လှေကားဘေးအကာများ တပ်ဆင်ခြင်းတို့ အပြီးသတ်ဆောင်ရွက်လျက်ရှိရာ (၉၀) ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်သည်။

“ဘုရင့်နောင်လမ်းဆိုရင် ညနေကျောင်းဆင်းချိန် အန္တရာယ်များတယ်။ ဖရီးကြော ပေးထားတဲ့လမ်းဖြစ်တဲ့အပြင် ကွန်တိန်နာယာဉ်တွေ ဖြတ်သန်းတာကြောင့် လူအုပ်ကြီးက ဖြတ်လို့မရဘူးဖြစ်နေတယ်။ လေးဘက်လေးတန် ဖြတ်သန်းရခက်တဲ့ လမ်းဆိုရင်လည်း မမှားဘူး။ ခုံးကျော်တံတား စဆောက်ကတည်းက ပတ်ဝန်းကျင်က ပြည်သူတွေပီတိဖြစ်ပြီး ဝမ်းသာနေကြတာ။ သက်ကြီးရွယ်အိုနဲ့ ရဟန်းသံဃာတွေ သွားလာရေးအဆင်ပြေပါပြီ။ မကြမီ ဖြတ်သန်းနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲများနဲ့ တံတားတည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်တယ်”ဟု ခုံးကျော်တံတားအနီးရှိ ဘုရင့်နောင်တာဝါမှ ဦးဘုန်းမြတ်ကျော်က ပြောသည်။

နာနတ်တော - ဘုရင့်နောင် လေးလမ်းဆုံ လူကူးခုံးကျော်တံတားကြီးအား ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ခဲ့ပြီး သံကူကွန်ကရစ်ဖြင့် တော်ဝင်စာမရီ ဆောက်လုပ်ရေးမှ တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာလကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။ ဇန်နဝါရီ (၄) ရက်တွင် အများပြည်သူ ဖြတ်သန်းသွားလာနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဓာတ်ပုံ- သန်းစိုး - သန်းထိုက်