ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နေ့စဉ်လှုပ်ရှားမှုတွေတိုင်းအတွက် မြင်ဖို့၊ ကြားဖို့က မဖြစ်မနေလိုပါတယ်။ လူတစ်ယောက်အနေနဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ကိုင်နိုင်ဖို့ဆိုရင် အမြင်အာရုံ၊ အကြားအာရုံနဲ့ အနံ့ခံအာရုံ ၃ ခုစလုံးကောင်းမှဖြစ်မှာပါ။ ဒီတော့ မျက်စိ၊ နား၊ နှာခေါင်း တို့ကို သေချာစွာဂရုစိုက်ဖို့လိုပါမယ်။ အမြင်အာရုံ ဆုံးရှုံးတဲ့အခါ မြင်သင့်တာတွေနဲ့ လှပတဲ့ မြင်ကွင်းတွေကို မမြင်တွေ့ရတော့တာမျိုးဖြစ်နိုင်သလို အကြားအာရုံဆုံးရှုံးတဲ့အခါမှာလည်း သာယာငြိမ့်ညောင်းတဲ့အသံတွေနဲ့ ကြားသင့်တဲ့ အသံတွေကိုကြားခွင့်မရမှာပဲဖြစ်ပါတယ်။

တစ်ခါတလေမှာ အခန့်မသင့်လို့ဖြစ်ဖြစ်၊ မတော်တဆဖြစ်ဖြစ် နား၊မျက်လုံးနဲ့ နှာခေါင်းထဲကို ပြင်ပအရာတွေဝင်ရောက်တတ်ပါတယ်။ အထူးသဖြင့် ကလေးလေးတွေမှာပိုအဖြစ်များပါတယ်။ ဆော့ရင်းနဲ့ဖြစ်ဖြစ် စိတ်ထင်သလို ကောက်ထည့်လိုက်တာ၊ ရှုရှိုက်လိုက်တာတွေကြောင့် နားနဲ့ နှာခေါင်းထဲကို ပြင်ပအရာတွေ ဝင်ရောက်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေက စိုးရိမ်တကြီးနဲ့ထုတ်မိတတ်ကြပါတယ်။ အဆင်ပြေပြေမထုတ်နိုင်ရင် ထိခိုက်မှုကြီးသွားနိုင်ပါတယ်။ နားဆိုရင်လည်း အကြားအာရုံ ချို့ယွင်းသွားတာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။

နားထဲကို တစ်ခုခုဝင်တဲ့အခါ

နားထဲကို ပြင်ပကအရာဝတ္ထုတွေ၊ပိုးကောင်လိုမျိုးအရာတွေ ဝင်တဲ့အခါ –

  • နားထဲက နာကျင်မယ်
  • ရောဂါပိုးဝင်မယ်
  • အကြားအာရုံဆုံးရှုံးမယ်
  • နားထဲက ပြည်ယိုတာမျိုးဖြစ်နိုင်ပါတယ်။

နားထဲတစ်ခုခုဝင်နေတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

လူကြီးတွေက သူတို့နားထဲတစ်ခုခု ဝင်နေတဲ့အခါ ပြောပြနိုင်ပေမယ့် ကလေးငယ်လေးတွေကတော့ နားထဲတစ်ခုခုဝင်နေတဲ့အခါ ပြောမပြတတ်ကြပါဘူး။ နားဆိုတာကလည်း အထိခိုက်ခံနိုင်စွမ်းနည်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေသေချာချာ ဂရုစိုက်ဖို့ လိုမှာပါ။ ကလေးတွေကိုဆိုရင်တော့ လူကြီးတွေက သေချာစောင့်ကြည့် ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ နားထဲပစ္စည်းတစ်ခုခု ဝင်တဲ့အခါ ပြသတတ်တဲ့လက္ခဏာတွေက နားထဲဝင်နေတဲ့ ပစ္စည်းရဲ့အရွယ်အစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

  • နားထဲကိုတစ်ခုခုဝင်နေတာကို သတိမထားမိဘဲ အချိန်ကြာမြင့်စွ ာဖြစ်နေမယ်ဆိုရင် နားက နာလာပြီး ပြည်ထွက်လာတာ ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်
  • များသောအားဖြင့်ကတော့ နားထဲတစ်ခုခုဝင်တဲ့အခါ နားက နာကျင်သလိုခံစားရနိုင်ပါတယ်။ ကလေးလေးတွေဆို နားကို ပွတ်ရင်းခဏခဏငိုနေတာမျိုးဖြစ်နိုင်ပါတယ်
  • နားတွင်းပေါက်မှာ ဝင်နေတဲ့ ပစ္စည်းကပိတ်မိနေတဲ့အခါ ကောင်းကောင်းမကြားရတာမျိုးဖြစ်နိုင်ပါတယ်
  • နားထဲမှာဝင်နေတဲ့အရာကြောင့် ခေါင်းမူးတာ၊ အော့အန်တာမျိုးဖြစ်နိုင်ပါတယ်
  • ချောင်းဆိုးတာ၊ ချောင်းခဏခဏဟန့်တာမျိုးဖြစ်နိုင်ပါတယ်
  • အရမ်းပြင်းထန်ရင်တော့ နားထဲကနေ သွေးထွက်လာတာမျိုးဖြစ်နိုင်ပါတယ်
  • နားထဲကို ပိုးကောင်တစ်ကောင်ကောင် ဝင်သွားတာဆိုရင်တော့ နားအတွင်းပိုင်းမှာ ပိုးကောင်လျှောက်သွားနေတာကို ခံစားမိနိုင်ပါတယ်။ နားထဲက ယားသလိုလို၊ နာသလိုလိုခံစားရနိုင်သလို လည်ချောင်းထဲက ယားလာတာမျိုးလည်းခံစားရနိုင်ပါတယ်
  • နားထဲကို ပိုးကောင်ဝင်တဲ့အခါမှာတော့ နားတဝိုက်မှာ နီမြန်းတာ၊ ပြည်တည်တာမျိုးတွေဖြစ်နိုင်ပါတယ်။

နားထဲတစ်ခုခုဝင်တဲ့အခါ ဒီအချက်တွေသတိထားပေးပါ

နားထဲကို တစ်ခုခုနဲ့ ထိုးကလော်တာမျိုးမလုပ်ပါနဲ့ – 

နားထဲတစ်ခုခုဝင်သွားရင် ကြောက်လန့်တကြားနဲ့ အများဆုံးလုပ်တတ်ကြတာက နားထဲကအရာကို ဖယ်ဖို့ဆိုပြီး နားကြပ်တဲ့ ဂွမ်းတံ၊ နားဖာကလော်လိုမျိုးအရာတွေနဲ့ ထိုးကော်ကြတာပါ။ ဒီလိုလုပ်တာက နားထဲကအရာဝတ္ထုကို နားအတွင်းပိုင်းထဲအထိရောက်သွားစေနိုင်ပါတယ်။ အကြားအာရုံ ထိခိုက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

မြန်နိုင်သမျှမြန်မြန်ဖယ်ဖို့လုပ်ပါ -

ခုနကတော့ ဘာနဲ့မှ ထိုးကလော်တာမလုပ်ဖို့ပြောတယ်၊ ခုတော့ မြန်မြန်ဖယ်ပါလို့ပြောပြန်တယ်လို့တွေးနေလား။ နားထဲက အရာဝတ္ထုကို ဖယ်ရှားတယ်ဆိုတဲ့နေရာမှာ မြင်သာအောင်ကြီးမားတဲ့အရာ နားတွင်းဝမှာ ဖြစ်နေတဲ့အရာတွေကို ဇာဂနာလိုအရာသုံးပြီး ဖြည်ညင်းသေချာစွာဖယ်ရှားပေးပါ။

မြေဆွဲအားကို အသုံးချပါ – 

လူတွေမြေကြီးပေါ်မှာ မတ်မတ်ရပ်နိုင်တာက ကမ္ဘာမြေရဲ့ ဆွဲအားကြောင့်ဆိုတာ ပြောစရာမလိုအောင် သိပြီးဖြစ်မှာပါ။ ဒီတော့နားထဲကို တစ်ခုခုဝင်သွားတဲ့အခါ ခေါင်းကိုစောင်းချပြီး နားထဲဝင်နေတဲ့အရာကိုထွက်အောင်လုပ်ပါ။

ပိုးကောင်ဝင်နေတာဆိုရင်တော့ ဆီကိုအသုံးပြုပေးပါ – 

နားထဲကို ပိုးကောင်တစ်ကောင်ကောင်ဝင်သွားတဲ့အခါ နားထဲကို အုန်းဆီ၊ သံလွင်ဆီလိုမျိုး အဆီတစ်ခုခုကို လောင်းထည့်လိုက်ပါ။ နားကိုလက်နဲ့ခဏအုပ်ထားပြီး ပြီးရင် စောင်းချပေးလိုက်ပါ။ ဆီကခပ်နွေးနွေးလေးဖြစ်ရင် ပိုအဆင်ပြေမှာပါ။

ဆေးခန်းသွားပြပါ – 

နားကိုထိခိုက်မှာစိုးရိမ်ရင်ဖြစ်ဖြစ် ကိုယ်တိုင်က မကျွမ်းကျင်ဘူးလို့ခံစားမိရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး နားထဲက အရာဝတ္ထုကိုဖယ်ရှားပေးပါ။
နားထဲတစ်ခုခုဝင်တဲ့အခါ ဒီနည်လမ်းလေးတွေကို အသုံးပြုပြီး အကြားအာရုံမထိခိုက်အောင်ကာကွယ်လို့ရပါတယ်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm တွင်လည်းကောင်း၊ Android ဖုန်းများအတွက် https://play.google.com/store/apps/details?id=com.creative_webstudio.myanmardigitalnews&hl=en တွင်လည်းကောင်း၊ IOS ဖုန်းများအတွက် https://apps.apple.com/us/app/myanmar-digital-news/id1213734616 တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}