နွားထိုးကြီး ၁၇ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နှင့်အနီးတွင် လေ့လာစရာ သမိုင်းဝင်နေရာများစွာနှင့် လက်မှုလုပ်ငန်းများ တည်ရှိသည်။ ထိုလက်မှုလုပ်ငန်းများထဲတွင် အင်ကြင်းကျောက် လက်မှုအနုပညာ လုပ်ငန်းလည်း ပါဝင်သည်။ နွားထိုးကြီးမြို့ရောက် ခရီးသွားဧည့်သည် အများစုသည် အင်ကြင်းကျောက် လက်မှုအနုပညာပစ္စည်းများကို အားထားလေ့လာလေ့ရှိသည်။

နွားထိုးကြီးမြို့ ထရီးဂျိတ် အင်ကြင်းလက်မှု အနုပညာပြခန်းတွင် ရှေးဟောင်း ပျူခေတ်အသုံးအဆောင်များနှင့်အတူ အင်ကြင်းကျောက်လက်မှု အနုပညာပစ္စည်းများ ပြသထားသည့်အတွက် အင်ကြင်းပြတိုက်သဖွယ်ဖြစ်နေပြီး ပြည်တွင်းပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားသည့် နေရာတစ်ခုအဖြစ် တည်ရှိသည်။

နွားထိုးကြီးမြို့ရှိ အင်းကြင်းကျောက်လက်မှု အနုပညာပစ္စည်းများကို ပြုလုပ်ရောင်းချသည့်လုပ်ငန်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ အင်ကြင်းကျောက်ဖြင့် ပြုလုပ်သော လက်မှုအနုပညာပစ္စည်းများ၊ အင်ကြင်ကျောက်ပန်းပုရုပ်တုများ၊ အသားကျောက်၊ စားပွဲတင်ကျောက်တုံး၊ နေ့နံရုပ်တုများ၊ ချင်းပုတီး၊ လက်ပတ်၊ စိပ်ပုတီး၊ ဆင်၊ လိပ်မှအစ အရုပ်ငယ်များစွာနှင့် အခြားလက်ရာမြောက် အင်ကြင်းပန်းပုရုပ်တုများကို   ပြုလုပ်ရောင်းချသည့်အတွက် အင်းကြင်းကျောက် အနုပညာပစ္စည်းများကို အလွယ်တကူ လေ့လာနိုင်သည်။ လက်ရှိကာလ နွားထိုးကြီးဒေသ အင်ကြင်းကျောက် လက်မှုအနုပညာ ပစ္စည်းရောင်းချမှုတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချလျက်ရှိသည်။

အင်ကြင်းကျောက်ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၂၅)နိုင်ငံတွင် တွေ့ရှိရပြီး ကမ္ဘာ့ကျောက်မျက်ဈေးကွက်ဝင် ကျောက်တစ်မျိုးဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံရှိ နွားထိုးကြီးမြို့တွင် တွေ့ရသော အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း သက်တမ်းမှာ လွန်ခဲ့သောနှစ်ပေါင်း (၇)သန်းအထိ ရှိသည်ဟု ဆိုထားသည်။ အင်ကြင်းကျောက်၏ တန်ဖိုးမြင့်မားစေနိုင်သော ကျောက်အရည်အသွေးအား သတ်မှတ်ချက် (၈)ချက်ရှိကြောင်း သိရသည်။ အလင်းပေါက် ကျောက်သားဖြစ်ခြင်း၊ မဟူရာ (သို့) အိုပယ် ခရစ်စတယ် ကျောက်သားဖြစ်ခြင်း၊ အရောင်များစွာပါရှိခြင်း၊ သစ်ပင်ကဲ့သို့ အကြောအမျှင်များ ထင်ရှားစွာပါရှိခြင်း၊ အခေါက်လှပခြင်း၊ စိတ်ဝင်စားဖွယ်ရာကောင်းသော အရာပါရှိခြင်း၊ တောက်ပ၍ လှပသော အရောင်များရှိခြင်း၊ တိကျလှပသော လုံးပတ်ရှိခြင်းများပင် ဖြစ်သည်။ ထိုအရည်အသွေးများပါရှိပါက ကမ္ဘာ့ဈေးကွက်ဝင်ကြောင်း သိရသည်။

တိမ်တမန်