နေပြည်တော် ၁၇ ဖေဖော်ဝါရီ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ တူးဖော်၊ ရှေးပစ္စည်း၊ ကမ္ပည်းကျောက်စာဌာနစုမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှရွှေခေါင်းဆောင်သော တူးဖော်မှုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးမြင်း ခြံခရိုင်၊ နွားထိုးကြီး မြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ကြီးကြီးကျေးရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာ စားကျက်မြေ၊ ဧရိယာ(၂၀)ဧကရှိ မြေကွက်ပေါ်တွင် ကြေးခေတ်/သံခေတ် တူးဖော်သုတေသနပြုခြင်း လုပ်ငန်းများကို ၁၉.၁၁.၂၀၁၉ ရက်နေ့မှ ၅.၁.၂၀၂၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရာတွင် (၅)မီတာပတ်လည် ကျင်းကွက် (၉)ကွက်ကို သတ်မှတ်၍ လေးထောင့်ကျင်းကွက်စနစ် (Grid System)ကို အခြေခံ၍ အဖွင့်တူးဖော်မှုစနစ် (Open System) ဖြင့် တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ပြီး တွေ့ရှိရသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အထောက်အထားများအနေဖြင့် လူအရိုးစုရုပ်ကြွင်းများ၊ တိရိစ္ဆာန် အရိုးစုရုပ်ကြွင်းများ၊ ကြေးမြှားသွားများ၊ သံထည်များ၊ အဆင်တန်ဆာ တိရိစ္ဆာန် အရိုးဖြင့် ပြုလုပ်ထားသော လက်ကောက်များ၊ အသုံးအဆောင် ဝတ္ထုပစ္စည်း (မြေအိုး၊ မြေပန်ကန်ပြား၊ ကလပ်ပုံအိုး)၊ ဓလေ့ထုံးတမ်း(ယောက်သွားခွံနှင့် အရွယ်တော် ကျောက်စရစ်ခဲ)တို့ကို တွေ့ရှိခဲ့ရပါသဖြင့် ကြေးခေတ်/ သံခေတ် အထောက်အထားများဖြစ်ကြောင်း သိရှိရသည်။

 

တူးဖော်သုတေသနပြုပြီးသော အရိုးစုရုပ်ကြွင်းများနှင့်အတူ မြေအိုး မြေခွက်များ၊ အသုံး အဆောင်ပစ္စည်းများကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် Site Museum အဖြစ် ပြသရန် ရည်ရွယ်ခဲ့ သော်လည်း ထွက်ပေါ်လာသော ရုပ်ကြွင်းများမှာ အပေါ်မြေလွှာ၏ ဖိအားကြောင့် အရိုးများကွဲအက်နေခြင်း၊ တူးဖော်မှု Site ၏ တောင်ဘက်နှင့် အရှေ့ဘက်တွင် ချိုင့်ဝှမ်းနှင့် ရေဝပ်ဧရိယာများရှိနေခြင်း၊ ကျေးရွာနှင့် အလှမ်းဝေးသောနေရာတွင် တည်ရှိနေခြင်းကြောင့် တွေ့ရှိရသော ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများအား စနစ်တကျ အသေးစိတ် မှတ်တမ်းတင်ခြင်း၊ ပုံဆွဲခြင်းများပြုလုပ်ပြီး ရုပ်ကြွင်းများအပေါ်တွင် ပလစ်စတစ်ဖုံးအုပ်၍ မြေပြန် ဖို့ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

 

တူးဖော်သုတေသနပြုလုပ်ငန်း၏ အကျိုးရလဒ်အနေဖြင့် လူအရိုးစု ရုပ်ကြွင်းများ၊ ကြေးထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ ယောက်သွားခွံများ၊ ပုတီးစေ့များ၊ ကျောက်အရိုးပုတီးစေ့ များနှင့် အရိုးလက်ကောက်တစ်စုံတို့ကို တွေ့ရှိခဲ့ရသဖြင့် အဆိုပါဒေသ သည် သံခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့သော ဒေသတစ်ခုဖြစ်ကြောင်း၊ အရိုးစုရုပ်ကြွင်းများမှာ စမုံမြစ်ဝှမ်း ပတ်ဝန်းကျင်တွင် တူးဖော်သုတေ သနပြုခဲ့သော ကြေးခေတ်/ သံခေတ်ကာလ လူရုပ်ကြွင်း အရိုးစုများ၏ မြုပ်နှံမှုများနှင့် ဆင်တူပါကြောင်း၊ သင်္ဂြိုလ်မြုပ်နှံမှုဆိုင်ရာ အထောက်အထား တွေရှိချက်များအရ ထိုခေတ်လူသားတို့၏ လူနေမှုအဆင့် အတန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုလုပ်ငန်း ကျွမ်းကျင်မှု၊ ကြေး/သံ သတ္တုပစ္စည်းများကို အသုံးချနိုင်မှုစသည့် လူမှုဘဝကို မှတ်တမ်းတင် လေ့လာသုံးသပ်နိုင်ခဲ့ပါကြောင်း သိရှိရသည်။

 

MDN

Crd-သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန