နွားထိုးကြီး ၆ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်ရှိ ဝတီးမြို့ဟောင်း ဘုရားကြီးကျေးရွာတွင် စိတ်ဝင်စားဖွယ်ရာ ပျူပုတီး (ချင်းပုတီး)လုပ်ငန်းနှင့် အင်ကြင်းကျောက် လက်မှုအနုပညာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ပျူပုတီး(ချင်းပုတီး)လုပ်ငန်းမှာ အင်ကြင်းကျောက်များဖြင့် ပြုလုပ်ရသော လုပ်ငန်းဖြစ်ပြီး ပျုပုတီး(ချင်းပုတီး)နှင့် လက်ပတ်များ ဖြစ်လာစေရန် အနုစိတ် ပြုလုပ်ကြရသည်။ ယခင်က ပျူပုတီးကို လက်စင်ဖြင့် ပြုလုပ်သော်လည်း တိုးတက်လာသော ခေတ်တွင် စက်စွမ်းအားကို အသုံးပြုကာ ပြုလုပ်လာကြသည်။
ပျူပုတီး(ချင်းပုတီး) ပြုလုပ်ရန်အတွက် ပထမဦးစွာ အင်ကြင်းကျောက်များကို စက်ဖြင့်ကြိတ်ကာ ခွဲခြမ်းခြင်းကို ပြုလုပ်ကြရသည်။ ကျောက်များကိုခွဲပြီးသည်နှင့် လုံးသည့်စက်နှင့်လုံးကာ အပေါက်များ ဖောက်ကြရသည်။ အပေါက်ဖောက်ပြီးသည်နှင့် အကြမ်း၊ အချော၊ အနု အဆင့်ဆင့် အရောင်တင်ခြင်းများကို ပေါင်းအိုးအတွင်းထည့်ကာ ပြုလုပ်ကြရသည်။ အရောင်တင် အပေါက်ဖောက်ပြီး ပျူပုတီးများကို ဆေးရောင်ခြယ်ခြင်းများကို စတင်ပြုလုပ်ကြရသည်။
အင်ကြင်းကျောက်ဖြင့် ပြုလုပ်ထားသော ပျူပုတီး (ချင်းပုတီး)ကို ဆေးရေးရာတွင် သဘာဝနည်းများအတိုင်း သဲဆပ်ပြာ၊ တမာစေး၊ လက်ချား၊ ထုံးများရောကြိတ်ကာ ဆေးကိုပြုလုပ်ကြရသည်။ ထို့ဆေးဖြင့် ပထမဦးစွာ ဒီဇိုင်းရေးဆွဲကြရသည်။ နောက်ပိုင်းတွင် အနက်ဆေးအဖြစ် အနုစိပ်ကာ ဒီဇိုင်းမျိုးစုံရေးကြရသည်။ အနက်ဆေး ပြုလုပ်ရာတွင် နို့ရည်၊ ကန့်၊ ဆေးဒန်း၊ ဒုတ္ထာတို့ကို ရောစပ်ကြိတ်ပြီး မီးသွေးဖိုနှင့် မီးကင်ကာ အနက်ဆေးခြယ်ခြင်းများကို ပြုလုပ်ကြရသည်။
လက်ရှိကာလတွင် ပျူပုတီး(ချင်းပုတီး)ခေါ် ဆေးရေးပုတီးကို အစဉ်အဆက် ပြုလုပ်လာကြသည်။ ပျူပုတီးကို ဒီဇိုင်းအမျိုးမျိုး ဆေးခြယ်ပေးကြရသည်။ ပျူပုတီးကို နိုင်ငံတကာ ခရီးသွားဧည့်သည်များ အထူးဝယ်ယူကြသည်။ ပျူပုတီးဆွဲကြိုး တစ်ကုံးလျှင် ငွေကျပ်တစ်သောင်းဖြင့် ရောင်းချသည်။
ပျူပုတီးတစ်ကုံး အလုံး ၁၀၀ ပါ အကုံးကြီးများကို ငွေကျပ် နှစ်သောင်းဖြင့် ရောင်းချသည်။ လက်ပတ်ကုံး အသေးများကိုမူ တစ်ကုံးလျှင် ငွေကျပ် ငါးထောင်ကျပ်ဖြင့် ရောင်းချကြသည်။ နွားထိုးကြီးမြို့နယ် ဝတီးမြို့ဟောင်း ဘုရားကြီးရွာမှ ပျူပုတီး(ချင်းပုတီး) ပုတီးလုပ်ငန်းကို နိုင်ငံတကာ ခရီးသွားဧည့်သည်အများစု စိတ်ဝင်တစား လာရောက်လေ့လာလေ့ရှိပြီး နွားထိုးကြီးမြို့မှ အင်ကြင်းကျောက် အနုလက်ရာမြောက် လက်မှုပစ္စည်းများကို ဝယ်ယူမှု များပြားလျက်ရှိကြောင်း သိရသည်။
တိမ်လွှာ
