နွားထိုးကြီး ၄ ဇန်နဝါရီ

 

နွားထိုးကြီးမြို့၊ အမှတ်(၅)ရပ်ကွက်၊ နန္ဒဝန်ပန်းခြံ၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်နဝါရီ(၄)ရက်၊ နံနက် ၄ နာရီ မိနစ်၂၀က ပြုလုပ်ကျင်းပခဲ့ပြီး၊ နံနက် ၇ နာရီတွင် နိုင်ငံတော်အလံ အလေးပြုအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

 

နိုင်တော်အလံကို အလေးပြုရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဦးဆောင် ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းက ဖတ်ကြားခဲ့သည်။ ထို့နောက် နွားထိုးကြီးမြို့နယ်အတွင်း စွမ်းဆောင်ရည် အကောင်းဆုံးဆုကို စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ထားနွယ်အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးမှ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။ မြို့နယ်အတွင်း လျှပ်စစ်မီးလင်းရေးနှင့်ပတ်သက်၍ သတင်းပြန်ကြားမှု အားအကောင်းဆုံးဆုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းမှ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်း အားဆုချီး မြှင့်ခဲ့သည်။

 

လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့မှ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။ ကလေးပြိုင်ပွဲတွင် မွေးစမှ (၆)လအတွင်း၊ (၆)လမှ(၁)နှစ်အတွင်း၊ (၁)နှစ်မှ(၁)ခွဲအတွင်း၊ (၁)နှစ်ခွဲမှ(၂)နှစ်အတွင်း ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော ကလေးငယ်များကို ဆုများချီးမြှင့်ခဲ့သည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ NGO အဖွဲ့များ၊ ပါတီဝင်များ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော် (ပြန်/ဆက်)