နေပြည်တော် နိုဝင်ဘာ ၂၂
Naypyitaw State Academy တွင်အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်ရှေ့တွင် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် စာသင်ခန်းအတွင်း အေးချမ်းစွာပညာသင်ကြားနေကြသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို Naypyitaw State Academy ဘက်စုံခန်းမ၌ ဆက်လက်၍ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Naypyitaw State Academy ကို Faculty system ဖြင့် မဟာဌာနကြီး (၇)ခုဖြင့် ဖွဲစည်းတည်ထောင်ခဲ့ရာ စတင်ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပ ညာမဟာဌာန၊ ဥပဒေပညာ မဟာဌာနဟူ၍ မဟာဌာနကြီး (၄)လေးခုကို ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆေးပညာမဟာဌာနကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မဟာဌာနကြီးနှစ်ခုဖြစ်သည့် အားကစား ပညာမဟာဌာနနှင့် လူမှုရေးပညာ မဟာဌာနတို့ကို ထပ်မံ တိုးချဲ့ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားပညာ ဘာသာရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကစပြီး ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်တို့တွင် ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ယခုပညာသင်နှစ်တွင် Naypyitaw State Academy အားကစားပညာ မဟာဌာနကို ဖွဲ့စည်းတည်ထောင် ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူမှုရေးပညာမဟာဌာနကို ဖွဲ့စည်းတည်ထောင်ပြီး မြန်မာနိုင်ငံတွင် လူမှုရေးအရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီး များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် လူမှုရေးရာကိစ္စရပ်များကို လူမှုဝန်ထမ်း နည်းစနစ်များနှင့် စနစ်တကျ စီမံဆောင်ရွက်နိုင်သည့် လူမှုရေးပညာဘွဲ့ရပညာတတ်များကို ပြုစုပျိုး ထောင်ပေးရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထို့အတူ ပညာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ယင်းနှင့်ဆက်စပ်လျက်ရှိ သော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အဓိကကျသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေး နိုင်ရန် ရည်ရွယ်ချက်များဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ ဘွဲ့ကြိုသင်တန်း ကိုလည်း ယခုပညာသင်နှစ်တွင် စတင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ယခုပညာသင်နှစ်တွင် Naypyitaw State Academy ၌ ဘွဲ့လွန် မဟာတန်းများကိုလည်း စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်၍ Naypyitaw State Academy တွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၅၀၀ ဝန်းကျင်ခန့်ကို လက်ခံ သင်ကြား ပေးလျက်ရှိပြီဖြစ်ပါကြောင်း။
အားကစားပညာ၊ လူမှုရေးပညာနှင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ ဘာသာရပ် များ ယခုပညာသင်နှစ်မှ အသစ်စတင်ဖွင့်လှစ်သည့်ဘာသာရပ်များဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများက လက်ခံနိုင်မည့်ဦးရေအင်အားအပြည့် လျှောက်ထားလာခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနများကိုယ်စား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့က မဟာဌာနဖွင့်ပွဲအထိမ်းအမှတ် ကြိုဆိုဝမ်းမြောက်စကား ပြောကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ က Naypyitaw State Academy အတွက် အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


