နေပြည်တော် ဇန်နဝါရီ ၁၁

ပဉ္စမအကြိမ်မြောက် အာဆီယံ - အိန္ဒိယ အခြေခံဆန်းသစ်တီထွင်မှုဆိုင်ရာဖိုရမ်၏ Innovation Project Competition တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ကျောင်းသား လူငယ်များ၏ ပြည်တွင်းအဆင့် အခြေခံဆန်းသစ်တီထွင်မှုပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University ၌ ကျင်းပသည်။
ဦးစွာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းသည်။ 
ထို့နောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ်တီထွင်မှု ပရောဂျက်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် တက္ကသိုလ် (၉) ခုမှ ပရောဂျက် (၄၈) ခု၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်း (၃) ခုမှ ပရောဂျက် (၄) ခု၊ အစိုးရနည်းပညာအထက်တန်းကျောင်း (၂) ကျောင်းမှ ပရောဂျက် (၂) ခု၊ ပရောဂျက်စုစုပေါင်း (၅၄) ခု တင်သွင်းခဲ့သော်လည်း အဖွဲ့ဖြင့် ပဏာမစိစစ်ရွေးချယ်ခဲ့ရာ တက္ကသိုလ် (၈) ခုမှ ပရောဂျက် (၁၆) ခု၊ အစိုးရ စက်မှုလက်မှု သိပ္ပံ (၃) ခုမှ ပရောဂျက် (၄) ခုနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (၁) ကျောင်းမှ ပရောဂျက် (၁) ခု၊ စုစုပေါင်း ပရောဂျက် (၂၁) ခု ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ 
အဆိုပါပရောဂျက် (၂၁) ခုမှ ပဉ္စမအကြိမ်မြောက် အာဆီယံ-အိန္ဒိယ အခြေခံဆန်းသစ်တီထွင်မှုဆိုင်ရာဖိုရမ်တွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ (၅) ဖွဲ့ကို ယနေ့ ရွေးချယ်ဆုချီးမြှင့်ကြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်