နေပြည်တော် ဖေဖော်ဝါရီ ၄

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနသည် နိုင်ငံတော်တွင် လျှပ်စစ် သုံးယာဉ်(Electric Vehicle-EV)ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန  ဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် Naypyitaw State Polytechnic University ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ(၁/၂၀၂၆)သို့ လုပ်ငန်း ကော်မတီဝင်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ တက်ရောက်သည်။

 

ဦးစွာ ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို့ ဟူသော အမျိုးသားရေး ဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များ ထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာ အပေါ် မှီခိုရမှုနှင့်  စက်သုံးဆီအတွက် နိုင်ငံခြားငွေ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ သန့်ရှင်းသော လေထုကို ရှူရှိုက်မှုမှရရှိသည့် ကျန်းမာရေး ကောင်းမွန်မှု အပါအဝင် အခြား ဆုလာဘ်များကို ပြည်သူတို့ ရရှိ ခံစားနိုင်စေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီက EV ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒချမှတ်ကာ လုပ်ငန် ကော်မတီ ငါးခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကြိုးပမ်းဆောင်ရွက်

 

ယနေ့  အသိပညာပေးပွဲသို့  တက်ရောက်လာသည့် ကျောင်းသား လူငယ်များသည် အနာဂတ် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်မည့်သူများဖြစ်၍ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ နိုင်ငံတော်တွင် Smart Transportation System များ၊ Smart City များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးခိုင်မာရေးတို့အတွက် EV ကဏ္ဍဖွံ့ဖြိုးရေး တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရန် မိမိတို့ ကိုယ်စီလေ့လာသိရှိသည့် အသိပညာများကို အခြေခံ၍ ဆက်လက် ကြိုးပမ်းလေ့လာသွားရန်၊ EV နည်းပညာဆိုင်ရာ အသိပညာများကို ပြည်သူတို့အကြား စိမ့်ဝင် ပျံ့နှံ့သွားရန် ဆက်လက်ဖြန့်ဝေ ပေးကြရန်၊ EV ကားတွင် AI ဖြင့် အလိုအလျောက် ထိန်းချုပ်စနစ်များ တပ်ဆင်အသုံးပြုလာကြပြီး အားသွင်းစနစ်များနှင့်  ပြုပြင် ထိန်းသိမ်းရေး ကိရိယာများတွင်ပါ AI ကို အသုံးပြုလာကြပြီဖြစ်ရာ အပြိုင်အဆိုင်နှင့်  မြန်ဆန်စွာ ဖွံ့ဖြိုးလျက်ရှိသော EV နည်းပညာ အရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ရန်လိုအပ်ကြောင်း တိုက်တွန်း မှာကြားသည်။

 

ထို့နောက် တက်ရောက်လာသူများသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန က အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်  ကောလိပ် (ဘယ်လင်း) တို့တွင်  ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသော  EV သင်တန်းဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုအားပေး

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ပြင်ဦးလွင် မော်တော်ယာဉ် သုတေသနဌာနက ဆောင်ရွက်လျက်ရှိသော ဆိုလာ EV အားသွင်း စနစ်သုတေသနနှင့် EV Battery Management System သုတေသန၊ ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန (အေလာ)က ဆောင်ရွက်လျက်ရှိသော Battery သုတေသနနှင့် လျှပ်စစ်စွန့်ပစ် ပစ္စည်းများမှ အဖိုးတန်အသုံးဝင်သော သတ္တုများ စမ်းသပ်ထုတ်လုပ်ခြင်း  သုတေသန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး  ဦးစီးဌာနက ခင်းကျင်းပြသထားသော EV Workshop ဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး  ကိရိယာများကို လှည့်လည် ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး က Battery Recycling နည်းပညာ၏ အရေးပါမှုနှင့် နိုင်ငံ၏ စက်မှု ကဏ္ဍတွင် အသုံးချနိုင်မှု အခွင့် အလမ်းများ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လျှပ်စစ်သုံး ယာဉ်ဆိုင်ရာ မြန်မာစံချိန်စံညွှန်း သတ်မှတ်မှုများ၊  မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍  အသိပညာပေး ဟောပြောကြရာ ကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းကြပြီး  သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားကာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန ဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွား ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက ဖြည့်စွက်မှာကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်မှုဝန်ကြီးဌာနမှ အထွေထွေ မန်နေဂျာတို့က ဟောပြောသူများအား  ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်